တကယ်လို့ သင်က လူတစ်ယောက်ကို အထူးသဖြင့် ဘေဘီဘူးမား (Baby Boomer -သက်ကြီးပိုင်းမျိုးဆက်) တွေကို လစာဘယ်လောက်ရလဲလို့ သွားမေးရင် သူတို့က အဲဒီမေးခွန်းကို ရှောင်ထွက်သွားဖို့ပဲ အများဆုံး ကြိုးစားကြပါလိမ့်မယ်။ ဒါပေမဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ မီလန်နီရယ် (Millennials) နဲ့ ဂျန်ဇီ (Gen Z) တွေကျတော့ သူတစ်ပါးကို ‘လစာဘယ်လောက်ရလဲ’ လို့ မေးရမှာကို ရိုင်းတယ်လို့ လုံးဝမထင်ကြတော့ပါဘူး။ တကယ်တော့ ဒီလူငယ်တွေဟာ လစာကွာဟမှု ပြဿနာကို တော်လှန်ပြောင်းလဲပစ်နိုင်မယ့် လမ်းစတစ်ခုကို ရှာတွေ့ထားကြတာပါ။
လေ့လာမှု တော်တော်များများအရ လစာပွင့်လင်းမြင်သာမှု ရှိခြင်းက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ အမျိုးသားကြားက လစာကွာဟမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကုမ္ပဏီရဲ့ ကုန်ထုတ်စွမ်းအားကိုလည်း ပိုပြီး တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါဆို ဘာလို့ လူအများစုက ကိုယ့်လစာကို အချင်းချင်း ပွင့်ပွင့်လင်းလင်း မဝေမျှကြသေးတာလဲ။အကြောင်းရင်းကတော့ ရိုးရိုးလေးပါပဲ… ပိုက်ဆံအကြောင်း ပြောရတာ စိတ်အနှောင့်အယှက်ဖြစ်ပြီး နေရထိုင်ရ ခက်လို့ပါ (Awkward ဖြစ်လို့ပါ)။ ပြီးတော့ ဒါက ခိုင်လုံတဲ့ အကြောင်းပြချက်တွေလည်း ရှိနေပြန်တယ်။
လစာမေးတာ ဘာလို့ ရိုင်းတယ်လို့ အသတ်မှတ်ခံရတာလဲ
ကျွန်ုပ်တို့က နေ့တိုင်း လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေ၊ သတ်မှတ်ချက်တွေနဲ့ တိုက်ပွဲဝင်နေကြရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေဟာ အမျိုးသမီးဆိုတာ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ရမယ့်သူလို့ အလိုလို ပုံသွင်းခံခဲ့ကြရတယ်။ ပိုက်ဆံရှာနိုင်တယ်ဆိုတာကျတော့ အာဏာစိုးမိုးမှု၊ အဆင့်အတန်း၊ လောဘကြီးမှု၊ ပြီးတော့ ယောကျာ်းဆန်မှု (Masculinity) တွေနဲ့ သွားပြီး ဆက်စပ်နေတတ်ပါတယ်။ဒါကြောင့် အမျိုးသမီးတစ်ယောက်က သူတစ် ပါးကို ‘လစာဘယ်လောက်ရလဲ’ လို့ လှမ်းမေးတဲ့အခါ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ အကဲဖြတ်စောင်းမြောင်းတဲ့ အကြည့်မျိုး ဒါမှမဟုတ် ပုံသေကားချပ် အ တွေးအခေါ်တွေ (Stereotypes) ကြောင့် အဲဒီအမျိုးသမီးဟာ စိတ်မသက်မသာ ဖြစ်သွားရတတ်ပါတယ်။
ဒါ့အပြင် The Soul of Money စာအုပ်ထဲက လင်းတွစ် (Lynne Twist) ပြောသလိုပဲ… “ပိုက်ဆံ အများဆုံး ကိုင်ထားနိုင်တဲ့သူဟာ တခြားသူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်၊ နှိမ့်ချနိုင်တဲ့ စွမ်းအား ရှိတယ်” လို့ လူတွေက ယုံကြည်ထားကြပြန်တယ်။ ဒါကြောင့် တကယ်လို့ သင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို လစာမေးလိုက်လို့ သူ က သင့်ထက် နည်းနေမှန်း အမှန်အတိုင်း ပေါ်သွားရင်၊ သူ့ရဲ့ စွမ်းအား (သို့) သိက္ခာကို အလုခံလိုက်ရသလိုမျိုး အမှန်တရားက ဖော်ကောင်လုပ်သွားသလို ခံစားရစေပါတယ်။
တခြားတစ်ဖက်မှာကျတော့လည်း သူငယ်ချင်းတစ်ယောက်ကို လစာမေးလိုက်လို့ သူက ကိုယ့်ထက် အများကြီး ပိုရနေတယ်ဆိုရင် အဲဒါက သင့်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောင်းလဲသွားစေနိုင်ပါတယ်။ လူတော်တော်များများက ကိုယ့်ဝင်ငွေနဲ့ပတ်သက်ရင် နှိမ့်ချနေတတ်ကြတာမို့ ကိုယ့်မှာ လစာအများကြီးရနေပါတယ်လို့ ဝန်ခံလိုက်ရတာဟာ အကြွားသန်သလိုမျိုး ခံစားရစေနိုင်လို့ပါ။ ဘယ်သူ့မျက်စိထဲမှ ကြည့်မကောင်းဘူးလေ။သူဌေးဖြစ်နေပြီလားလို့ အမေးခံရရင်လည်း ဒီလိုပါပဲ။ လူတွေက ပိုက်ဆံအများကြီး ရနေတာကို အကဲဖြတ်တာ၊ အတင်းပြောတာ၊ ဝေဖန်တာတွေ မခံချင်ကြလို့ ရေငုံနှုတ်ပိတ်ပဲ နေချင်ကြတယ်။ ဒါနဲ့နေပါဦး… “ချမ်းသာတယ်” ဆိုတဲ့ အဓိပ္ပာယ်ကကော တကယ်တော့ ဘာကို ပြောတာလဲ။
လစာပွင့်လင်းမြင်သာမှုက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ လစာကွာဟမှုအပေါ် သက်ရောက်ပုံ
အမေရိကန်မှာ အမျိုးသားလုပ်ငန်းခွင် ဆက်ဆံရေးအက်ဥပဒေ (National Labor Relations Act) က “အလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ အရေးယူပိတ်ဆို့မှုကို မခံရဘဲ မိမိတို့ရဲ့ လစာအကြောင်းကို အချင်းချင်း ဆွေးနွေးပိုင်ခွင့်ရှိတယ်” လို့ ပြဌာန်းခဲ့တာ နှစ်ပေါင်း ၉၀ ကျော်သွားပါပြီ။ဒါပေမဲ့ စိတ်မကောင်းစရာကတော့ အလုပ်သ မား အများစုဟာ ဒီဥပဒေကို မသိကြဘဲ အလုပ်ရှင်တွေရဲ့ မတရားတဲ့ မူဝါဒတွေနဲ့ လစာအကြောင်း အချင်းချင်း မပြောရဆိုတဲ့ တရားမဝင် ပိတ်ပင်ချက်တွေကို ကြောက်ပြီး ဆက်လက် အလျှော့ပေးနေကြတုန်းပါပဲ။ကုမ္ပဏီတွေက ဘာလို့ ဒီလို လစာလျှို့ဝှက်တဲ့စနစ်ကို ဆက်ပြီး အားပေးနေရသလဲဆိုရင်တော့… သူတို့အတွက် ပိုက်ဆံ သက်သာလို့ပါပဲ။
ဒီလို ရက်စက်တဲ့ ရွေးချယ်မှုရဲ့ ရလဒ်ဆိုးကတော့ အလုပ်သမားတစ်ယောက်ဟာ မိမိရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရရှိတဲ့ လစာဟာ မျှတမှု ရှိ၊ မရှိ တိုင်းတာဖို့ အချက်အ လက် မရှိတဲ့အခါ “ငါတော့ လစာအနှိမ်ခံနေရပြီ” လို့ပဲ အမြဲ တွေးတော ခံစားနေရတော့တာပါပဲ။ အဲဒီလို ခံစားရတဲ့အခါ ဝန်ထမ်းတွေဟာ အလုပ်ကိုလည်း စွမ်းစွမ်းတ မံ ကြိုးစားပြီး မလုပ်ကိုင်ကြတော့ပါဘူး။ဒါပေမဲ့ ကုမ္ပဏီတွေကို လစာကွာဟချက်တွေကို ချပြဖို့နဲ့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ ဥပဒေအရ ဖိအားပေးလာတဲ့အခါမှာတော့ အဲဒီကိန်းဂဏန်းတွေကို လူသိရှင်ကြား မချပြခင်မှာတင် ကုမ္ပဏီတွေဟာ လစာကွာဟချက် ကျဉ်းမြောင်းသွားအောင် ချက်ချင်း အရေးတကြီး အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်လာကြရပါတယ်။
ဘာလို့လဲဆိုတော့ လစာကွာဟချက် ကြီးမားနေတာ ပေါ်သွားရင် ဝန်ထမ်းတွေရဲ့ ဒေါသတကြီး တုံ့ပြန်မှုကို ခံရမှာ စိုးရိမ်သလို၊ ကုမ္ပဏီရဲ့ နာမည်ပျက်ပြီး ဖောက်သည်တွေ ဆုံးရှုံးသွားမှာကိုလည်း ကြောက်ကြလို့ပါပဲ။လစာနှုန်းထား သတ်မှတ်ချက် ဘောင်တွေ (Salary Bands) ကို ချပြပြီး၊ ကုမ္ပဏီတွင်း ကွန်ရက် (Intranet) ပေါ်မှာ လစာ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ဝေမျှထားတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်… လစာ လျှို့ဝှက်ထားတဲ့ ကုမ္ပဏီတွေနဲ့ ယှဉ်လိုက်တဲ့အခါ အမျိုးသားနဲ့ အမျိုး သမီးကြား လစာကွာဟချက်မှာ သိသိသာသာ ကွာခြားသွားတာကို တွေ့ရပါတယ်။အမျိုးသမီးမူဝါဒ သုတေသနအဖွဲ့ (IWPR) ရဲ့ အစီရင်ခံစာအရ လစာပွင့်လင်းမြင် သာမှုရှိတဲ့ ကုမ္ပဏီတွေမှာ ကျား၊ မ လစာကွာဟချက်က ၁၁ ရာခိုင်နှုန်းပဲ ရှိပြီး၊ လစာလျှို့ဝှက်ချက်ကို အားပေးတဲ့ ကုမ္ပဏီတွေမှာတော့ လစာကွာဟချက်က ၂၃ ရာခိုင် နှုန်းအထိ ကြီးမားနေတာကို တွေ့ရပါတယ်။
တကယ်လို့ ဝန်ထမ်းတွေက မိမိတို့ရဲ့ ရာထူးက လစာဘယ်လောက်ရလဲ၊ နောက်ပြီး လစာနှုန်းထားရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ဖို့ ဘာတွေ ကြိုးစားရမလဲဆိုတာကို သိနေရင် သူတို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်နဲ့ လျှောက်လှမ်းရမယ့် ခြေလှမ်းတွေ ရှိနေတာမို့ အလုပ်ကို ပိုပြီး ကြိုးစားလုပ်ဆောင်လာကြပါလိမ့်မယ်။ ဒီအချက်အ လက်ကို မသိရဘူးဆိုရင်တော့ စိတ်ပျက်အားလျော့ပြီး နောက်ဆုံးမှာ အလုပ်က ထွက်သွားကြရုံပဲ ရှိပါတယ်။ (သူတို့ ရနေတဲ့လစာက ပြိုင်ဆိုင်မှုရှိတဲ့ ပမာဏဖြစ်နေရင်တောင်မှပေါ့။)
ပိုက်ဆံနဲ့ လစာကွာဟချက်အကြောင်း ဘာလို့ စကားစတင်ပြောဆိုဖို့ လိုအပ်တာလဲ
အမေရိကန်နိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝန်ထမ်းတွေကို လစာပွင့်လင်းမြင်သာမှု ရှိရှိ ချပြဖို့ ရွေးချယ်ကြသေးတာမို့ ကျွန်ုပ်တို့ ရှေ့ ဆက်လုပ်ရမယ့် အလုပ်တွေ အများကြီး လိုပါသေးတယ်။အပြည့်အဝ အချိန်ပေး လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက် ဒေါ်လာ ၁ ဒေါ်လာ ရတိုင်းမှာ ၈၂ ဆင့်ပဲ ရကြသေးတာပါ။ လူနည်းစု လူမျိုးစု အမျိုးသမီးတွေဆိုရင် ပိုတောင်နည်းပါသေးတယ်။ ၁ ဒေါ်လာမှာ ၆၂ ဆင့်ပဲ ရပြီး၊ လက်တင်အမျိုးသမီးတွေဆိုရင် ၅၄ ဆင့်ပဲ ရကြတာပါ။ဘေဘီဘူးမား (သက်ကြီးပိုင်း) တွေဟာ အလုပ်က အနားယူတဲ့အခါကျမှ ဒီလို လစာမပွင့်လင်းမှုရဲ့ ဆိုးကျိုးကို တကယ် ခံစားကြရမှာပါ။ ဘာလို့လဲဆိုတော့ အခုလက်ရှိရတဲ့ ဝင်ငွေအပေါ် မူတည်ပြီးမှ အနာဂတ်မှာ ရမယ့် လူမှုဖူလုံရေး ရန်ပုံငွေ၊ ပင်စင်လစာနဲ့ တခြား အငြားယူခွင့် အကျိုးခံစားခွင့်တွေက ဆုံးဖြတ်မှာမို့ပါ။ အခုအချိန်မှာ ပြိုင်ဆိုင်မှုရှိတဲ့ လစာမျိုး မရထားဘူးဆိုရင် အနာဂတ် အနားယူတဲ့အခါ လူနေမှုစရိတ်ကို ကာမိလောက်တဲ့ ထောက်ပံ့ကြေးမျိုး ရမှာ မဟုတ်ပါဘူး။
သူတစ်ပါးကို မရိုင်းစေဘဲ ‘လစာဘယ်လောက်ရလဲ’ လို့ ဘယ်လိုမေးမလဲ
လုပ်ငန်းခွင်ထဲမှာ လစာပွင့်လင်းမြင်သာမှု တိုးတက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ရှေ့ဆောင်ကုမ္ပဏီတွေကတော့ ရာထူးအလိုက် လစာနှုန်းထား ဘောင်တွေကို သတ်မှတ်ပေးတာမျိုး၊ ဒါမှမဟုတ် ကုမ္ပဏီတွင်း ကွန်ရက်ပေါ်မှာ တင်ပေးထားတာမျိုး လုပ်ကြပါတယ်။နောက်တစ်နည်းကတော့ HR ဌာနကို အသုံးပြုပြီး ဝန်ထမ်းတွေအနေနဲ့ အဲဒီအချက်အလက်တွေကို သီးသန့် သွားရောက် မေးမြန်းစုံစမ်းခွင့် ပြုထားတာမျိုးပေါ့။တကယ်လို့ လစာလျှို့ဝှက်ထားတဲ့ စနစ်ကြီးက သင့်အတွက် ထိုက်တန်တဲ့ လစာအချက်အလက်ကို မရအောင် တားဆီးနေတဲ့ အကြီးမားဆုံး အတားအဆီး ဖြစ်နေတယ်ဆိုရင်တော့..သင်ကိုယ်တိုင် တခြားသူတွေ ဘယ်လောက်ရလဲဆိုတာကို မေးမြန်းဖို့ စတင် သတ္တိမွေးရပါလိမ့်မယ်။
ပိုက်ဆံအကြောင်းနဲ့ တခြားသူတွေ ဘယ်လောက်ရလဲဆိုတာကို စတင်ဆွေးနွေးတဲ့အခါ၊ သင် ဘာကြောင့် ဒီအချက်အလက်ကို လိုအပ်တာလဲဆိုတဲ့ အကြောင်းပြချက် (Context) လေးကိုပါ တစ်ပါတည်း ရှင်းပြပေးပါ။ ဒီအချက်အလက်ကို ဘာအတွက် သုံးမှာလဲဆိုတဲ့ ရည်ရွယ်ချက်ကို ပြောပြပြီး၊ ဒီစကားဝိုင်းကို လျှို့ဝှက်ချက်အနေနဲ့ပဲ ထိန်းသိမ်းထားမယ်ဆိုတာကို ယုံကြည်မှု ပေးပါ။တချို့လူတွေ (လူငယ်တွေအပါအဝင်) မှာ လစာအကြောင်း ပြောဆိုခြင်းအပေါ် ရှေးရိုးစွဲအမြင်တွေ ရှိနေသေးတာကို သင် တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သင်က ကိုယ့်ကိုယ်ကိုယ် တိုးတက်ချင်ပြီး ထိုက်တန်တဲ့ လစာမျိုး ရချင်တယ်ဆိုရင်တော့၊ ဒဲ့တိုးမေးတဲ့ ပုံစံကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ဒဲ့တိုးကြီး သွားမမေးဘဲ စကားစမြည် ပြောရင်းနဲ့ အကဲခတ် ချဉ်းကပ်တဲ့ ပုံစံမျိုး သုံးပါ။
အနှစ်ချုပ်လိုက်ရင်တော့… ‘လစာဘယ်လောက်ရလဲ’ ဆိုတာကို မေးမြန်းခြင်းကနေ ကျွန်ုပ်တို့ တစ်ဦးချင်းစီတိုင်း အကျိုးကျေးဇူး ခံစားရမှာပါ။ ဒါကြောင့် “သူတစ်ပါးကို လစာမေးတာ ဘာလို့ ရိုင်းတာလဲ” လို့ တွေးနေမယ့်အစား… လိမ္မာပါးနပ်စွာနဲ့ ယဉ်ယဉ်ကျေးကျေးလေး မေးတတ်ဖို့ပဲ လိုတာပါ။ အဲဒီလို မေးမြန်းခြင်းအားဖြင့် အားလုံးအတွက် Win-Win အခြေအနေ ဖြစ်သွားပါလိမ့်မယ်။
ကျော့ကေခိုင်
zawgyi
တကယ္လို႔ သင္က လူတစ္ေယာက္ကို အထူးသျဖင့္ ေဘဘီဘူးမား (Baby Boomer -သက္ႀကီးပိုင္းမ်ိဳးဆက္) ေတြကို လစာဘယ္ေလာက္ရလဲလို႔ သြားေမးရင္ သူတို႔က အဲဒီေမးခြန္းကို ေရွာင္ထြက္သြားဖို႔ပဲ အမ်ားဆုံး ႀကိဳးစားၾကပါလိမ့္မယ္။ ဒါေပမဲ့ မ်ိဳးဆက္သစ္ေတြျဖစ္တဲ့ မီလန္နီရယ္ (Millennials) နဲ႔ ဂ်န္ဇီ (Gen Z) ေတြက်ေတာ့ သူတစ္ပါးကို ‘လစာဘယ္ေလာက္ရလဲ’ လို႔ ေမးရမွာကို ႐ိုင္းတယ္လို႔ လုံးဝမထင္ၾကေတာ့ပါဘူး။ တကယ္ေတာ့ ဒီလူငယ္ေတြဟာ လစာကြာဟမႈ ျပႆနာကို ေတာ္လွန္ေျပာင္းလဲပစ္ႏိုင္မယ့္ လမ္းစတစ္ခုကို ရွာေတြ႕ထားၾကတာပါ။
ေလ့လာမႈ ေတာ္ေတာ္မ်ားမ်ားအရ လစာပြင့္လင္းျမင္သာမႈ ရွိျခင္းက လုပ္ေဖာ္ကိုင္ဖက္ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားၾကားက လစာကြာဟမႈကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ ကုမၸဏီရဲ႕ ကုန္ထုတ္စြမ္းအားကိုလည္း ပိုၿပီး တိုးတက္ေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။ ဒါဆို ဘာလို႔ လူအမ်ားစုက ကိုယ့္လစာကို အခ်င္းခ်င္း ပြင့္ပြင့္လင္းလင္း မေဝမွ်ၾကေသးတာလဲ။အေၾကာင္းရင္းကေတာ့ ႐ိုး႐ိုးေလးပါပဲ… ပိုက္ဆံအေၾကာင္း ေျပာရတာ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ေနရထိုင္ရ ခက္လို႔ပါ (Awkward ျဖစ္လို႔ပါ)။ ၿပီးေတာ့ ဒါက ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ေတြလည္း ရွိေနျပန္တယ္။
လစာေမးတာ ဘာလို႔ ႐ိုင္းတယ္လို႔ အသတ္မွတ္ခံရတာလဲ
ကြၽႏ္ုပ္တို႔က ေန႔တိုင္း လူမႈပတ္ဝန္းက်င္ရဲ႕ စံႏႈန္းေတြ၊ သတ္မွတ္ခ်က္ေတြနဲ႔ တိုက္ပြဲဝင္ေနၾကရတာပါ။ အထူးသျဖင့္ အမ်ိဳးသမီးေတြေပါ့။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက လူေတြဟာ အမ်ိဳးသမီးဆိုတာ ကိုယ္က်ိဳးမဖက္ဘဲ ေပးဆပ္ရမယ့္သူလို႔ အလိုလို ပုံသြင္းခံခဲ့ၾကရတယ္။ ပိုက္ဆံရွာႏိုင္တယ္ဆိုတာက်ေတာ့ အာဏာစိုးမိုးမႈ၊ အဆင့္အတန္း၊ ေလာဘႀကီးမႈ၊ ၿပီးေတာ့ ေယာက်ာ္းဆန္မႈ (Masculinity) ေတြနဲ႔ သြားၿပီး ဆက္စပ္ေနတတ္ပါတယ္။ဒါေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္က သူတစ္ ပါးကို ‘လစာဘယ္ေလာက္ရလဲ’ လို႔ လွမ္းေမးတဲ့အခါ သိစိတ္ကျဖစ္ေစ၊ မသိစိတ္ကျဖစ္ေစ အကဲျဖတ္ေစာင္းေျမာင္းတဲ့ အၾကည့္မ်ိဳး ဒါမွမဟုတ္ ပုံေသကားခ်ပ္ အ ေတြးအေခၚေတြ (Stereotypes) ေၾကာင့္ အဲဒီအမ်ိဳးသမီးဟာ စိတ္မသက္မသာ ျဖစ္သြားရတတ္ပါတယ္။
ဒါ့အျပင္ The Soul of Money စာအုပ္ထဲက လင္းတြစ္ (Lynne Twist) ေျပာသလိုပဲ… “ပိုက္ဆံ အမ်ားဆုံး ကိုင္ထားႏိုင္တဲ့သူဟာ တျခားသူေတြကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္၊ ႏွိမ့္ခ်ႏိုင္တဲ့ စြမ္းအား ရွိတယ္” လို႔ လူေတြက ယုံၾကည္ထားၾကျပန္တယ္။ ဒါေၾကာင့္ တကယ္လို႔ သင္က လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို လစာေမးလိုက္လို႔ သူ က သင့္ထက္ နည္းေနမွန္း အမွန္အတိုင္း ေပၚသြားရင္၊ သူ႔ရဲ႕ စြမ္းအား (သို႔) သိကၡာကို အလုခံလိုက္ရသလိုမ်ိဳး အမွန္တရားက ေဖာ္ေကာင္လုပ္သြားသလို ခံစားရေစပါတယ္။
တျခားတစ္ဖက္မွာက်ေတာ့လည္း သူငယ္ခ်င္းတစ္ေယာက္ကို လစာေမးလိုက္လို႔ သူက ကိုယ့္ထက္ အမ်ားႀကီး ပိုရေနတယ္ဆိုရင္ အဲဒါက သင့္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ေျပာင္းလဲသြားေစႏိုင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္ဝင္ေငြနဲ႔ပတ္သက္ရင္ ႏွိမ့္ခ်ေနတတ္ၾကတာမို႔ ကိုယ့္မွာ လစာအမ်ားႀကီးရေနပါတယ္လို႔ ဝန္ခံလိုက္ရတာဟာ အႂကြားသန္သလိုမ်ိဳး ခံစားရေစႏိုင္လို႔ပါ။ ဘယ္သူ႔မ်က္စိထဲမွ ၾကည့္မေကာင္းဘူးေလ။သူေဌးျဖစ္ေနၿပီလားလို႔ အေမးခံရရင္လည္း ဒီလိုပါပဲ။ လူေတြက ပိုက္ဆံအမ်ားႀကီး ရေနတာကို အကဲျဖတ္တာ၊ အတင္းေျပာတာ၊ ေဝဖန္တာေတြ မခံခ်င္ၾကလို႔ ေရငုံႏႈတ္ပိတ္ပဲ ေနခ်င္ၾကတယ္။ ဒါနဲ႔ေနပါဦး… “ခ်မ္းသာတယ္” ဆိုတဲ့ အဓိပၸာယ္ကေကာ တကယ္ေတာ့ ဘာကို ေျပာတာလဲ။
လစာပြင့္လင္းျမင္သာမႈက ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ လစာကြာဟမႈအေပၚ သက္ေရာက္ပုံ
အေမရိကန္မွာ အမ်ိဳးသားလုပ္ငန္းခြင္ ဆက္ဆံေရးအက္ဥပေဒ (National Labor Relations Act) က “အလုပ္သမားေတြဟာ အလုပ္ရွင္ရဲ႕ အေရးယူပိတ္ဆို႔မႈကို မခံရဘဲ မိမိတို႔ရဲ႕ လစာအေၾကာင္းကို အခ်င္းခ်င္း ေဆြးေႏြးပိုင္ခြင့္ရွိတယ္” လို႔ ျပဌာန္းခဲ့တာ ႏွစ္ေပါင္း ၉၀ ေက်ာ္သြားပါၿပီ။ဒါေပမဲ့ စိတ္မေကာင္းစရာကေတာ့ အလုပ္သ မား အမ်ားစုဟာ ဒီဥပေဒကို မသိၾကဘဲ အလုပ္ရွင္ေတြရဲ႕ မတရားတဲ့ မူဝါဒေတြနဲ႔ လစာအေၾကာင္း အခ်င္းခ်င္း မေျပာရဆိုတဲ့ တရားမဝင္ ပိတ္ပင္ခ်က္ေတြကို ေၾကာက္ၿပီး ဆက္လက္ အေလွ်ာ့ေပးေနၾကတုန္းပါပဲ။ကုမၸဏီေတြက ဘာလို႔ ဒီလို လစာလွ်ိဳ႕ဝွက္တဲ့စနစ္ကို ဆက္ၿပီး အားေပးေနရသလဲဆိုရင္ေတာ့… သူတို႔အတြက္ ပိုက္ဆံ သက္သာလို႔ပါပဲ။
ဒီလို ရက္စက္တဲ့ ေ႐ြးခ်ယ္မႈရဲ႕ ရလဒ္ဆိုးကေတာ့ အလုပ္သမားတစ္ေယာက္ဟာ မိမိရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ ရရွိတဲ့ လစာဟာ မွ်တမႈ ရွိ၊ မရွိ တိုင္းတာဖို႔ အခ်က္အ လက္ မရွိတဲ့အခါ “ငါေတာ့ လစာအႏွိမ္ခံေနရၿပီ” လို႔ပဲ အၿမဲ ေတြးေတာ ခံစားေနရေတာ့တာပါပဲ။ အဲဒီလို ခံစားရတဲ့အခါ ဝန္ထမ္းေတြဟာ အလုပ္ကိုလည္း စြမ္းစြမ္းတ မံ ႀကိဳးစားၿပီး မလုပ္ကိုင္ၾကေတာ့ပါဘူး။ဒါေပမဲ့ ကုမၸဏီေတြကို လစာကြာဟခ်က္ေတြကို ခ်ျပဖို႔နဲ႔ ပိုၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔ ဥပေဒအရ ဖိအားေပးလာတဲ့အခါမွာေတာ့ အဲဒီကိန္းဂဏန္းေတြကို လူသိရွင္ၾကား မခ်ျပခင္မွာတင္ ကုမၸဏီေတြဟာ လစာကြာဟခ်က္ က်ဥ္းေျမာင္းသြားေအာင္ ခ်က္ခ်င္း အေရးတႀကီး အဆင့္ျမႇင့္တင္မႈေတြ လုပ္ေဆာင္လာၾကရပါတယ္။
ဘာလို႔လဲဆိုေတာ့ လစာကြာဟခ်က္ ႀကီးမားေနတာ ေပၚသြားရင္ ဝန္ထမ္းေတြရဲ႕ ေဒါသတႀကီး တုံ႔ျပန္မႈကို ခံရမွာ စိုးရိမ္သလို၊ ကုမၸဏီရဲ႕ နာမည္ပ်က္ၿပီး ေဖာက္သည္ေတြ ဆုံးရႈံးသြားမွာကိုလည္း ေၾကာက္ၾကလို႔ပါပဲ။လစာႏႈန္းထား သတ္မွတ္ခ်က္ ေဘာင္ေတြ (Salary Bands) ကို ခ်ျပၿပီး၊ ကုမၸဏီတြင္း ကြန္ရက္ (Intranet) ေပၚမွာ လစာ အခ်က္အလက္ေတြကို ပြင့္ပြင့္လင္းလင္း ေဝမွ်ထားတဲ့ ကုမၸဏီေတြကို ၾကည့္ရင္… လစာ လွ်ိဳ႕ဝွက္ထားတဲ့ ကုမၸဏီေတြနဲ႔ ယွဥ္လိုက္တဲ့အခါ အမ်ိဳးသားနဲ႔ အမ်ိဳး သမီးၾကား လစာကြာဟခ်က္မွာ သိသိသာသာ ကြာျခားသြားတာကို ေတြ႕ရပါတယ္။အမ်ိဳးသမီးမူဝါဒ သုေတသနအဖြဲ႕ (IWPR) ရဲ႕ အစီရင္ခံစာအရ လစာပြင့္လင္းျမင္ သာမႈရွိတဲ့ ကုမၸဏီေတြမွာ က်ား၊ မ လစာကြာဟခ်က္က ၁၁ ရာခိုင္ႏႈန္းပဲ ရွိၿပီး၊ လစာလွ်ိဳ႕ဝွက္ခ်က္ကို အားေပးတဲ့ ကုမၸဏီေတြမွာေတာ့ လစာကြာဟခ်က္က ၂၃ ရာခိုင္ ႏႈန္းအထိ ႀကီးမားေနတာကို ေတြ႕ရပါတယ္။
တကယ္လို႔ ဝန္ထမ္းေတြက မိမိတို႔ရဲ႕ ရာထူးက လစာဘယ္ေလာက္ရလဲ၊ ေနာက္ၿပီး လစာႏႈန္းထားရဲ႕ အျမင့္ဆုံး အဆင့္ကို ေရာက္ဖို႔ ဘာေတြ ႀကိဳးစားရမလဲဆိုတာကို သိေနရင္ သူတို႔မွာ ရွင္းလင္းတဲ့ ရည္မွန္းခ်က္နဲ႔ ေလွ်ာက္လွမ္းရမယ့္ ေျခလွမ္းေတြ ရွိေနတာမို႔ အလုပ္ကို ပိုၿပီး ႀကိဳးစားလုပ္ေဆာင္လာၾကပါလိမ့္မယ္။ ဒီအခ်က္အ လက္ကို မသိရဘူးဆိုရင္ေတာ့ စိတ္ပ်က္အားေလ်ာ့ၿပီး ေနာက္ဆုံးမွာ အလုပ္က ထြက္သြားၾက႐ုံပဲ ရွိပါတယ္။ (သူတို႔ ရေနတဲ့လစာက ၿပိဳင္ဆိုင္မႈရွိတဲ့ ပမာဏျဖစ္ေနရင္ေတာင္မွေပါ့။)
ပိုက္ဆံနဲ႔ လစာကြာဟခ်က္အေၾကာင္း ဘာလို႔ စကားစတင္ေျပာဆိုဖို႔ လိုအပ္တာလဲ
အေမရိကန္ႏိုင္ငံမွာ ရွိတဲ့ ပုဂၢလိကကုမၸဏီေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ ဝန္ထမ္းေတြကို လစာပြင့္လင္းျမင္သာမႈ ရွိရွိ ခ်ျပဖို႔ ေ႐ြးခ်ယ္ၾကေသးတာမို႔ ကြၽႏ္ုပ္တို႔ ေရွ႕ ဆက္လုပ္ရမယ့္ အလုပ္ေတြ အမ်ားႀကီး လိုပါေသးတယ္။အျပည့္အဝ အခ်ိန္ေပး လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားတစ္ေယာက္ ေဒၚလာ ၁ ေဒၚလာ ရတိုင္းမွာ ၈၂ ဆင့္ပဲ ရၾကေသးတာပါ။ လူနည္းစု လူမ်ိဳးစု အမ်ိဳးသမီးေတြဆိုရင္ ပိုေတာင္နည္းပါေသးတယ္။ ၁ ေဒၚလာမွာ ၆၂ ဆင့္ပဲ ရၿပီး၊ လက္တင္အမ်ိဳးသမီးေတြဆိုရင္ ၅၄ ဆင့္ပဲ ရၾကတာပါ။ေဘဘီဘူးမား (သက္ႀကီးပိုင္း) ေတြဟာ အလုပ္က အနားယူတဲ့အခါက်မွ ဒီလို လစာမပြင့္လင္းမႈရဲ႕ ဆိုးက်ိဳးကို တကယ္ ခံစားၾကရမွာပါ။ ဘာလို႔လဲဆိုေတာ့ အခုလက္ရွိရတဲ့ ဝင္ေငြအေပၚ မူတည္ၿပီးမွ အနာဂတ္မွာ ရမယ့္ လူမႈဖူလုံေရး ရန္ပုံေငြ၊ ပင္စင္လစာနဲ႔ တျခား အျငားယူခြင့္ အက်ိဳးခံစားခြင့္ေတြက ဆုံးျဖတ္မွာမို႔ပါ။ အခုအခ်ိန္မွာ ၿပိဳင္ဆိုင္မႈရွိတဲ့ လစာမ်ိဳး မရထားဘူးဆိုရင္ အနာဂတ္ အနားယူတဲ့အခါ လူေနမႈစရိတ္ကို ကာမိေလာက္တဲ့ ေထာက္ပံ့ေၾကးမ်ိဳး ရမွာ မဟုတ္ပါဘူး။
သူတစ္ပါးကို မ႐ိုင္းေစဘဲ ‘လစာဘယ္ေလာက္ရလဲ’ လို႔ ဘယ္လိုေမးမလဲ
လုပ္ငန္းခြင္ထဲမွာ လစာပြင့္လင္းျမင္သာမႈ တိုးတက္လာေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ ေရွ႕ေဆာင္ကုမၸဏီေတြကေတာ့ ရာထူးအလိုက္ လစာႏႈန္းထား ေဘာင္ေတြကို သတ္မွတ္ေပးတာမ်ိဳး၊ ဒါမွမဟုတ္ ကုမၸဏီတြင္း ကြန္ရက္ေပၚမွာ တင္ေပးထားတာမ်ိဳး လုပ္ၾကပါတယ္။ေနာက္တစ္နည္းကေတာ့ HR ဌာနကို အသုံးျပဳၿပီး ဝန္ထမ္းေတြအေနနဲ႔ အဲဒီအခ်က္အလက္ေတြကို သီးသန႔္ သြားေရာက္ ေမးျမန္းစုံစမ္းခြင့္ ျပဳထားတာမ်ိဳးေပါ့။တကယ္လို႔ လစာလွ်ိဳ႕ဝွက္ထားတဲ့ စနစ္ႀကီးက သင့္အတြက္ ထိုက္တန္တဲ့ လစာအခ်က္အလက္ကို မရေအာင္ တားဆီးေနတဲ့ အႀကီးမားဆုံး အတားအဆီး ျဖစ္ေနတယ္ဆိုရင္ေတာ့..သင္ကိုယ္တိုင္ တျခားသူေတြ ဘယ္ေလာက္ရလဲဆိုတာကို ေမးျမန္းဖို႔ စတင္ သတၱိေမြးရပါလိမ့္မယ္။
ပိုက္ဆံအေၾကာင္းနဲ႔ တျခားသူေတြ ဘယ္ေလာက္ရလဲဆိုတာကို စတင္ေဆြးေႏြးတဲ့အခါ၊ သင္ ဘာေၾကာင့္ ဒီအခ်က္အလက္ကို လိုအပ္တာလဲဆိုတဲ့ အေၾကာင္းျပခ်က္ (Context) ေလးကိုပါ တစ္ပါတည္း ရွင္းျပေပးပါ။ ဒီအခ်က္အလက္ကို ဘာအတြက္ သုံးမွာလဲဆိုတဲ့ ရည္႐ြယ္ခ်က္ကို ေျပာျပၿပီး၊ ဒီစကားဝိုင္းကို လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔ပဲ ထိန္းသိမ္းထားမယ္ဆိုတာကို ယုံၾကည္မႈ ေပးပါ။တခ်ိဳ႕လူေတြ (လူငယ္ေတြအပါအဝင္) မွာ လစာအေၾကာင္း ေျပာဆိုျခင္းအေပၚ ေရွး႐ိုးစြဲအျမင္ေတြ ရွိေနေသးတာကို သင္ ေတြ႕ရပါလိမ့္မယ္။ ဒါေပမဲ့ သင္က ကိုယ့္ကိုယ္ကိုယ္ တိုးတက္ခ်င္ၿပီး ထိုက္တန္တဲ့ လစာမ်ိဳး ရခ်င္တယ္ဆိုရင္ေတာ့၊ ဒဲ့တိုးေမးတဲ့ ပုံစံကို ေျပာင္းလဲပစ္ဖို႔ လိုပါတယ္။ ဒဲ့တိုးႀကီး သြားမေမးဘဲ စကားစျမည္ ေျပာရင္းနဲ႔ အကဲခတ္ ခ်ဥ္းကပ္တဲ့ ပုံစံမ်ိဳး သုံးပါ။
အႏွစ္ခ်ဳပ္လိုက္ရင္ေတာ့… ‘လစာဘယ္ေလာက္ရလဲ’ ဆိုတာကို ေမးျမန္းျခင္းကေန ကြၽႏ္ုပ္တို႔ တစ္ဦးခ်င္းစီတိုင္း အက်ိဳးေက်းဇူး ခံစားရမွာပါ။ ဒါေၾကာင့္ “သူတစ္ပါးကို လစာေမးတာ ဘာလို႔ ႐ိုင္းတာလဲ” လို႔ ေတြးေနမယ့္အစား… လိမၼာပါးနပ္စြာနဲ႔ ယဥ္ယဥ္ေက်းေက်းေလး ေမးတတ္ဖို႔ပဲ လိုတာပါ။ အဲဒီလို ေမးျမန္းျခင္းအားျဖင့္ အားလုံးအတြက္ Win-Win အေျခအေန ျဖစ္သြားပါလိမ့္မယ္။
ေက်ာ့ေကခိုင္
Leave a Reply