အသက်မွေးဝမ်းကျောင်းလမ်းကြောင်းမှာ ကိုယ်လုပ်နေတဲ့အလုပ်က အရင်ကလို စိတ်လှုပ်ရှားစရာ မရှိတော့ဘဲ၊ လုပ်နေကျအလုပ်တွေကိုပဲ အလွတ်ရနေသလို ခံစားရတဲ့ အချိန်မျိုး ကြုံဖူးကြမှာပါ။ သင်ယူစရာတွေလည်း နည်းသွားပြီ၊ ဒီပတ်ဝန်းကျင်က ကိုယ့်ရဲ့ အရည်အချင်းတွေကို အပြည့်အဝ ထုတ်သုံးခွင့် မပေးတော့ဘူးလို့ ခံစားလာရတဲ့အခါမျိုးပေါ့။ ဒါမျိုးဖြစ်တိုင်း ချက်ချင်းအလုပ်ထွက်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ တိုးတက်မှုကို အရင်ကထက် ပိုပြီး အလေးအနက်ထား စီစဉ်ရမယ့် အချိန်တော့ ရောက်လာပါပြီ။အလုပ်မှာ ကိုယ့်ကိုတွန်းအားပေးမယ့်သူ မရှိတော့တဲ့အခါ ကိုယ့်ရဲ့ နောက်တစ်ဆင့်ကို ကိုယ်တိုင်ပဲ ဖန်တီးယူရပါတော့မယ်။ ဘယ်လိုလုပ်မလဲဆိုတာတွေကို ဖတ်ကြည့်ရအောင်။
ကိုယ့်ရဲ့ တိုးတက်မှုကို အလုပ်အပေါ်မှာပဲ မမှီခိုတော့ပါနဲ့
အလုပ်ခွင်မှာ တိုးတက်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်လုပ်ရမယ့် တာဝန်တွေအပေါ်မှာပဲ မူတည်နေစရာမလိုပါဘူး။ တကယ်တော့ အလုပ်တစ်ခုမှာ ပျော်ရွှင်ကျေနပ်မှုရှိဖို့ဆိုတာ သင်ယူနေရဖို့ လိုပါတယ်။ ကမ္ဘာကြီးက အမြဲပြောင်းလဲနေတဲ့အတွက် လုပ်ငန်းခွင်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကလည်း အမြဲပြောင်းလဲနေပါတယ်။ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့ဆိုတာ အလုပ်သမားတွေက အမြဲလေ့လာသင်ယူနေမှ ရမှာပါ။ ဒါကြောင့် အလုပ်က သင်တန်းတွေ မပေးတော့ရင်တောင် ကိုယ့်ဘာသာ အွန်လိုင်းကပဲဖြစ်ဖြစ်၊ လက်တွေ့လေ့ကျင့်တာပဲဖြစ်ဖြစ် ကိုယ့်အရည်အချင်းကို အမြဲမြှင့်တင်ထားပါ။ ဒါက သင့်ကို အလုပ်မှာ ပိုပြီးတက်ကြွစေသလို၊ ကိုယ့်ရဲ့ တန်ဖိုးကိုလည်း အမြဲမြင့်တက်နေစေမှာပါ။
အနာဂတ်အတွက် အထောက်အကူပြုမယ့် ကျွမ်းကျင်မှုတွေကို တည်ဆောက်ပါ
အလုပ်က တိုးတက်မှုမပေးတော့ဘူးဆိုရင် သင့်ရဲ့ အဓိကရည်မှန်းချက်ကို “ကိုယ်ပိုင်စွမ်းဆောင်ရည် မြှင့်တင်ဖို့” ဘက်ကို ပြောင်းလိုက်ပါ။ လက်ရှိအလုပ်အတွက်တင်မကဘဲ အနာဂတ်မှာ တခြားနေရာတွေအထိ အသုံးချလို့ရမယ့် ကျွမ်းကျင်မှုမျိုး (ဥပမာ – ဒေတာနဲ့ ပတ်သက်တာ၊ ဆက်သွယ်ပြောဆိုမှု၊ ဒါမှမဟုတ် စီမံခန့်ခွဲမှုစွမ်းရည်) ကို လေ့လာပါ။ အရေးကြီးတာက သင်ယူထားသမျှကို လက်တွေ့အလုပ်မှာ ချက်ချင်းစမ်းသပ်အသုံးပြုကြည့်ဖို့ပါပဲ။ အချက်အလက်တွေကို စုဆောင်းလေ့လာပြီး တိုးတက်တဲ့ အစီရင်ခံစာတွေ လုပ်ကြည့်တာမျိုး၊ အဖွဲ့အစည်းထဲမှာ အသေးစားစီမံကိန်းလေးတွေကို ဦးဆောင်ကြည့်တာမျိုးလုပ်ပါ။ စာတွေ့ထက် လက်တွေ့လုပ်ကြည့်မှသာ အသိပညာက အစစ်အမှန်ဖြစ်လာပြီး သင့်အတွက် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးပါလိမ့်မယ်။
ကိုယ့်အလုပ်တာဝန်အပြင်ဘက်မှာ အခွင့်အလမ်းတွေ ဖန်တီးပါ
အလုပ်မှာ ငြီးငွေ့လာပြီဆိုရင် ကိုယ့်ကိုကိုယ် စိန်ခေါ်မယ့် အလုပ်သစ်တွေကို ကိုယ်တိုင်ဖန်တီးယူပါ။ ရှိပြီးသား workload ကို ပိုကြီးအောင် လုပ်ခိုင်းတာမဟုတ်ဘဲ၊ လုပ်ငန်းခွင်ထဲမှာ လိုအပ်နေတဲ့ အပိုင်းတွေကို လေ့လာပြီး “ဒါကို ကျနော်/မ လုပ်ပေးပါမယ်” ဆိုပြီး စေတနာ့ဝန်ထမ်း ဝင်ကူညီကြည့်ပါ။ အလုပ်က အပ်မထားပေမဲ့ ကိုယ်က တာဝန်ယူလုပ်ပေးတဲ့ အလုပ်တွေက သင့်ကို ပိုမြင်သာစေပြီး အတွေ့အကြုံ အသစ်အဆန်းတွေ ရစေပါတယ်။
ကိုယ့်အဖွဲ့အပြင်ဘက်က လူတွေဆီကနေ သင်ယူပါ
လုပ်နေကျ အသိုင်းအဝိုင်းထဲမှာပဲ ပိတ်မိမနေပါနဲ့။ တခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေ၊ အတွေ့အကြုံရှိတဲ့သူတွေ၊ ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တူသူတွေနဲ့ ဆက်ဆံပါ။ သူတို့ဘယ်လို အလုပ်လုပ်သလဲ၊ ဘာတွေသုံးသလဲဆိုတာကို မေးမြန်းကြည့်ပါ။ ဒီလို အပြင်ကလူတွေရဲ့ အမြင်တွေကို နားထောင်ခြင်းအားဖြင့် ကိုယ့်ရဲ့ အသိဉာဏ်က ပိုကျယ်ပြန့်လာပါလိမ့်မယ်။ အလုပ်ခွင်ရဲ့ ကျဉ်းမြောင်းတဲ့ အသိုင်းအဝိုင်းထဲကနေ ထွက်ပြီး အမြင်သစ်တွေ ရယူပါ။
ရေရှည်အတွက် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ
နောက်ဆုံးအနေနဲ့ကတော့ ဒီနည်းလမ်းတွေအားလုံးကို ကြိုးစားကြည့်ပြီးတဲ့နောက်မှာတောင်မှ သင့်ရဲ့ လက်ရှိအလုပ်က ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ မကိုက်ညီတော့ဘူးဆိုတာ သေချာနေပြီဆိုရင်တော့ တခြားဌာန၊ တခြားအလုပ်၊ ဒါမှမဟုတ် တခြားအခွင့်အလမ်းတွေဘက်ကို ပြောင်းရွှေ့ဖို့ စဉ်းစားသင့်ပါပြီ။ အချိန်ဆိုတာအဖိုး တန်တဲ့အတွက် ကိုယ့်ရဲ့ အလားအလာတွေကို အပြည့်အဝ ထုတ်ဖော်နိုင်မယ့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။
ကျော့ကေခိုင်
zawgyi
အသက္ေမြးဝမ္းေက်ာင္းလမ္းေၾကာင္းမွာ ကိုယ္လုပ္ေနတဲ့အလုပ္က အရင္ကလို စိတ္လႈပ္ရွားစရာ မရွိေတာ့ဘဲ၊ လုပ္ေနက်အလုပ္ေတြကိုပဲ အလြတ္ရေနသလို ခံစားရတဲ့ အခ်ိန္မ်ိဳး ႀကဳံဖူးၾကမွာပါ။ သင္ယူစရာေတြလည္း နည္းသြားၿပီ၊ ဒီပတ္ဝန္းက်င္က ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို အျပည့္အဝ ထုတ္သုံးခြင့္ မေပးေတာ့ဘူးလို႔ ခံစားလာရတဲ့အခါမ်ိဳးေပါ့။ ဒါမ်ိဳးျဖစ္တိုင္း ခ်က္ခ်င္းအလုပ္ထြက္ဖို႔ မလိုပါဘူး။ ဒါေပမဲ့ ကိုယ့္ရဲ႕ တိုးတက္မႈကို အရင္ကထက္ ပိုၿပီး အေလးအနက္ထား စီစဥ္ရမယ့္ အခ်ိန္ေတာ့ ေရာက္လာပါၿပီ။အလုပ္မွာ ကိုယ့္ကိုတြန္းအားေပးမယ့္သူ မရွိေတာ့တဲ့အခါ ကိုယ့္ရဲ႕ ေနာက္တစ္ဆင့္ကို ကိုယ္တိုင္ပဲ ဖန္တီးယူရပါေတာ့မယ္။ ဘယ္လိုလုပ္မလဲဆိုတာေတြကို ဖတ္ၾကည့္ရေအာင္။
ကိုယ့္ရဲ႕ တိုးတက္မႈကို အလုပ္အေပၚမွာပဲ မမွီခိုေတာ့ပါနဲ႔
အလုပ္ခြင္မွာ တိုးတက္ဖို႔အတြက္ ကိုယ့္ရဲ႕ ေန႔စဥ္လုပ္ရမယ့္ တာဝန္ေတြအေပၚမွာပဲ မူတည္ေနစရာမလိုပါဘူး။ တကယ္ေတာ့ အလုပ္တစ္ခုမွာ ေပ်ာ္႐ႊင္ေက်နပ္မႈရွိဖို႔ဆိုတာ သင္ယူေနရဖို႔ လိုပါတယ္။ ကမာၻႀကီးက အၿမဲေျပာင္းလဲေနတဲ့အတြက္ လုပ္ငန္းခြင္မွာ လိုအပ္တဲ့ ကြၽမ္းက်င္မႈေတြကလည္း အၿမဲေျပာင္းလဲေနပါတယ္။ ကုမၸဏီတစ္ခု ေအာင္ျမင္ဖို႔ဆိုတာ အလုပ္သမားေတြက အၿမဲေလ့လာသင္ယူေနမွ ရမွာပါ။ ဒါေၾကာင့္ အလုပ္က သင္တန္းေတြ မေပးေတာ့ရင္ေတာင္ ကိုယ့္ဘာသာ အြန္လိုင္းကပဲျဖစ္ျဖစ္၊ လက္ေတြ႕ေလ့က်င့္တာပဲျဖစ္ျဖစ္ ကိုယ့္အရည္အခ်င္းကို အၿမဲျမႇင့္တင္ထားပါ။ ဒါက သင့္ကို အလုပ္မွာ ပိုၿပီးတက္ႂကြေစသလို၊ ကိုယ့္ရဲ႕ တန္ဖိုးကိုလည္း အၿမဲျမင့္တက္ေနေစမွာပါ။
အနာဂတ္အတြက္ အေထာက္အကူျပဳမယ့္ ကြၽမ္းက်င္မႈေတြကို တည္ေဆာက္ပါ
အလုပ္က တိုးတက္မႈမေပးေတာ့ဘူးဆိုရင္ သင့္ရဲ႕ အဓိကရည္မွန္းခ်က္ကို “ကိုယ္ပိုင္စြမ္းေဆာင္ရည္ ျမႇင့္တင္ဖို႔” ဘက္ကို ေျပာင္းလိုက္ပါ။ လက္ရွိအလုပ္အတြက္တင္မကဘဲ အနာဂတ္မွာ တျခားေနရာေတြအထိ အသုံးခ်လို႔ရမယ့္ ကြၽမ္းက်င္မႈမ်ိဳး (ဥပမာ – ေဒတာနဲ႔ ပတ္သက္တာ၊ ဆက္သြယ္ေျပာဆိုမႈ၊ ဒါမွမဟုတ္ စီမံခန႔္ခြဲမႈစြမ္းရည္) ကို ေလ့လာပါ။ အေရးႀကီးတာက သင္ယူထားသမွ်ကို လက္ေတြ႕အလုပ္မွာ ခ်က္ခ်င္းစမ္းသပ္အသုံးျပဳၾကည့္ဖို႔ပါပဲ။ အခ်က္အလက္ေတြကို စုေဆာင္းေလ့လာၿပီး တိုးတက္တဲ့ အစီရင္ခံစာေတြ လုပ္ၾကည့္တာမ်ိဳး၊ အဖြဲ႕အစည္းထဲမွာ အေသးစားစီမံကိန္းေလးေတြကို ဦးေဆာင္ၾကည့္တာမ်ိဳးလုပ္ပါ။ စာေတြ႕ထက္ လက္ေတြ႕လုပ္ၾကည့္မွသာ အသိပညာက အစစ္အမွန္ျဖစ္လာၿပီး သင့္အတြက္ အခြင့္အလမ္းသစ္ေတြကို ဖန္တီးေပးပါလိမ့္မယ္။
ကိုယ့္အလုပ္တာဝန္အျပင္ဘက္မွာ အခြင့္အလမ္းေတြ ဖန္တီးပါ
အလုပ္မွာ ၿငီးေငြ႕လာၿပီဆိုရင္ ကိုယ့္ကိုကိုယ္ စိန္ေခၚမယ့္ အလုပ္သစ္ေတြကို ကိုယ္တိုင္ဖန္တီးယူပါ။ ရွိၿပီးသား workload ကို ပိုႀကီးေအာင္ လုပ္ခိုင္းတာမဟုတ္ဘဲ၊ လုပ္ငန္းခြင္ထဲမွာ လိုအပ္ေနတဲ့ အပိုင္းေတြကို ေလ့လာၿပီး “ဒါကို က်ေနာ္/မ လုပ္ေပးပါမယ္” ဆိုၿပီး ေစတနာ့ဝန္ထမ္း ဝင္ကူညီၾကည့္ပါ။ အလုပ္က အပ္မထားေပမဲ့ ကိုယ္က တာဝန္ယူလုပ္ေပးတဲ့ အလုပ္ေတြက သင့္ကို ပိုျမင္သာေစၿပီး အေတြ႕အႀကဳံ အသစ္အဆန္းေတြ ရေစပါတယ္။
ကိုယ့္အဖြဲ႕အျပင္ဘက္က လူေတြဆီကေန သင္ယူပါ
လုပ္ေနက် အသိုင္းအဝိုင္းထဲမွာပဲ ပိတ္မိမေနပါနဲ႔။ တျခားဌာနက လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အေတြ႕အႀကဳံရွိတဲ့သူေတြ၊ ဒါမွမဟုတ္ လုပ္ငန္းနယ္ပယ္တူသူေတြနဲ႔ ဆက္ဆံပါ။ သူတို႔ဘယ္လို အလုပ္လုပ္သလဲ၊ ဘာေတြသုံးသလဲဆိုတာကို ေမးျမန္းၾကည့္ပါ။ ဒီလို အျပင္ကလူေတြရဲ႕ အျမင္ေတြကို နားေထာင္ျခင္းအားျဖင့္ ကိုယ့္ရဲ႕ အသိဉာဏ္က ပိုက်ယ္ျပန႔္လာပါလိမ့္မယ္။ အလုပ္ခြင္ရဲ႕ က်ဥ္းေျမာင္းတဲ့ အသိုင္းအဝိုင္းထဲကေန ထြက္ၿပီး အျမင္သစ္ေတြ ရယူပါ။
ေရရွည္အတြက္ ကိုယ့္ကိုယ္ကို ျပန္ဆန္းစစ္ပါ
ေနာက္ဆုံးအေနနဲ႔ကေတာ့ ဒီနည္းလမ္းေတြအားလုံးကို ႀကိဳးစားၾကည့္ၿပီးတဲ့ေနာက္မွာေတာင္မွ သင့္ရဲ႕ လက္ရွိအလုပ္က ကိုယ္သြားခ်င္တဲ့ လမ္းေၾကာင္းနဲ႔ မကိုက္ညီေတာ့ဘူးဆိုတာ ေသခ်ာေနၿပီဆိုရင္ေတာ့ တျခားဌာန၊ တျခားအလုပ္၊ ဒါမွမဟုတ္ တျခားအခြင့္အလမ္းေတြဘက္ကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားသင့္ပါၿပီ။ အခ်ိန္ဆိုတာအဖိုး တန္တဲ့အတြက္ ကိုယ့္ရဲ႕ အလားအလာေတြကို အျပည့္အဝ ထုတ္ေဖာ္ႏိုင္မယ့္ ေနရာမ်ိဳးကို ေ႐ြးခ်ယ္သင့္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply