တစ်ခါမှာ အိမ်ကအင်တာနက်က ပြတ်တောက်သွားတယ်။ ဆားဗစ်ကို ဖုန်းဆက်တော့ဖုန်းမကိုင်၊ မက်ဆေ့ပို့တော့လဲ စာမပြန်။ တတ်သိနားလည်တဲ့သူကိုမေးကြည့်တော့ငွေမသွင်းရသေးလို့ လိုင်းဖြတ်ထားတာ ဖြစ်နိုင်ပါတယ်တဲ့။ အမှန်ကတော့ လဆန်းပိုင်းလစဉ်ကြေးတောင်းတဲ့စာ ရောက်တာနဲ့ ငွေသွင်းနေကျပါ။မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြိး အင်တာနက်ကုမ္ပဏီ ဝန်ထမ်းကတဆင့်ကိုယ့်စာရင်းကို စစ်ဆေးခိုင်းတော့ ငွေသွင်းပြီးပေမယ့် သူတို့စက်မှာ (သို့မဟုတ်စနစ်မှာ) အမှားရှိနေလို့ မသွင်းရသေးဘူးလို့ပြနေတာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အမှားပြင်ဆင်ပြီးသွားတော့ကိုယ်အင်တာနက်လဲ လိုင်းပြန်တက်လာတယ်။ဒီလောက်နဲ့ ပြီးသွားရင်လဲ အကောင်းသား။ လျှာရှည်တတ်သူကိုယ်ကကုမ္ပဏီဝန်ထမ်းလေးကို “အန်တီတို့မိတ်ဆွေတချို့လဲ အင်တာနက်တွေပြတ်နေတယ်လို့ပြောတယ်။ (ကိုယ်ပြတ်တုန်းက လျှောက်မေးရင်းနဲ့ သိလာတာ)။ သားတို့စက်မှာ တစ်ခုခုတော့ ဖြစ်နေပြီထင်တယ်” လို့ သတင်း စကားလေး မျှဝေမိပါတယ်။ ဒါဆိုသူတို့ရဲ့စက်ကို အချိန်မီပြုပြင်နိုင်ပြီး သူတို့ရဲ့ ဖောက်သည်တွေ အတွက်အမြန်ပြင်ဆင်ပေးနိုင်အောင်လို့ပါ။ ဒါပေမယ့် သူ့ရဲ့တုန့်ပြန်မှုက ကိုယ်မျှော်လင့်ထားသလိုမဟုတ်ဘူး။
“အဲဒါ ကျွန်တော်တို့ ဌာနက မဟုတ်ဘူး” တဲ့။
တစ်ခါမှာလဲ ကိုယ်စားဖူးတဲ့ ကိတ်မုန့်လေးကို ဝယ်ချင်တယ်ဆိုလို့ဆိုင်ကနေမှာပေးလိုက်ပါတယ်။ မုန့်ကိုသွားယူမယ့် မိတ်ဆွေကို ဆိုင်နေရာကိုပြောပြထားတယ်။ သွားယူတဲ့ အခါကျတော့ ဆိုင်က “သူတို့ဆီမှာ မှာထားတာ မဟုတ်ဘူး”လို့ ပြောပါတယ်။ ဖြစ်ချင်တော့ ဆိုင်မှာ ဆိုင်ခွဲကနှစ်ခု ဖြစ်နေတယ်။ တစ်ခုကစားသောက်ဆိုင်၊ အဝင်ဝနားမှာ ရှိတဲ့ ဆိုင်လေးတစ်ခုက မုန့်ရောင်းတဲ့ဆိုင်၊ ကိုယ်ကတော့နှစ်ဆိုင်လုံးဟာ တစ်ခြံထဲမို့ အတူတူလို့ထင်တယ်။ မတူတယ်ပဲထားဦး၊ တစ်ဝင်းထဲရောင်းနေကြတာ သူဘာရောင်းတယ်၊ ကိုယ်ဘာရောင်းတယ်၊ သိကြလိမ့်မယ်လို့ ထင်တယ်။အဲဒီလိုမသိကြတာရော၊ ကိုယ့်ကိစ္စမဟုတ်ရင် အကူအညီမပေးချင်တာကိုရောမျှော်လင့်မထား မိဘူး။
လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်နဲ့ မဆိုင်ရင် ကိုယ့်တာဝန်မဟုတ်ဘူးလို့ ယူဆကြတယ်။ကိုယ်တာဝန်မဟုတ်ပဲနဲ့ ဝင်ပါမိရင်လဲ သက်ဆိုင်တဲ့သူများက “လာဝင်ရှုတ်တဲ့သူ” လို့မကြည်ဖြူတတ်တာမျိုး ရှိပါတယ်။ ဒီတော့လဲ ကိုယ်နဲ့ မဆိုင်ရင် စေတနာ မထားမိတာကကိုယ့်အတွက် ပိုစိတ်ချရတယ်လို့ပဲ နေလိုက်ကြတော့တယ်။ပိုဆိုးတာက လုပ်ငန်းတစ်ခုထဲပေမယ့် တစ်ဖက်ကလုပ်နေတာကို နောက်တစ်ဖက်ကမသိတာပဲ။ အဲဒါကြောင့်လဲ ဌာနတစ်ခုရဲ့ လိုအပ်ချက်ကို နောက်ဌာနတစ်ခုကဖြည့်ဆည်းပေးရရင် မထိရောက်တာပဲ။လုပ်ငန်းတစ်ခုမှာ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းက အလုပ်ပိုတွင်လို့၊ ကျွမ်းကျင်မှုဧရိယာတစ်ခုမှာ ဇောက်ချလုပ်ကိုင်ရင် စွမ်းဆောင်ရည်ပိုကောင်းစေလို့၊အလုပ်သဘာဝအလိုက် ခွဲခြားလုပ်ကိုင် နိုင်အောင် ဌာနတွေ ခွဲထားတတ်တယ်။ ဌာနအလိုက်အလုပ်တွေခွဲထားတယ်ဆိုပေမယ့် အဲဒီခွဲပြီး ထုတ်လုပ်/ဆောင် ရွက်ပေးလိုက်တဲ့ရလဒ်တွေကို ပြန်ပေါင်းလိုက်မှ ဖောက်သည်ကို ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုပေးနိုင်မှာပါ။ ခွဲခြားထားတာများလေလေ ပြန်ပေါင်းတတ်ဖို့ လိုလေလေပဲ ဖြစ်ပါတယ်။ပြန်မပေါင်းတတ်ရင် နောက်ဆုံးမှာ ထွက်လာမယ့် ရလဒ်က ဆိုးရွားတဲ့ ရလဒ်တစ်ခုဖြစ်သွားနိုင်ပါတယ်။
Kiyoshi Suzaki ရေးသားတဲ့ The New Shop Floor Management စာအုပ်မှာတစ်ဖက်နဲ့တစ်ဖက် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ဌာနတွေထဲမှာ ဖောက် သည်ဟာရွာလည်နေပြီး မလိုအပ်ပဲနဲ့ အချိန်ကုန်ရ၊ အကျိုးမရှိပဲနဲ့ ပင်ပန်းရတတ်တယ်တဲ့။အပြန်အလှန် ဆက်ဆံရေး ကောင်းတဲ့၊ ပူးပေါင်းဆောင်ရွက်မှှုကောင်းတဲ့ဌာနတွေရှိမှသာလျှင် ဖောက်သည်အတွက် ပြေပြစ် ချောမောတဲ့ ဝန်ဆောင်မှုကိုပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေဆိုရင်လဲ အလားတူပါပဲ။ ဌာနတစ်ခုက ပြုလုပ်ပေးလိုက်တဲ့ပစ္စည်းကို နောက်ဌာနတစ်ခုမှာ ဆက်လုပ်ပေးရဦးမှာဆိုရင် ဒီဌာနနှစ်ခုက မလွဲမသွေပူးပေါင်း လုပ်ဆောင်တတ်ဖို့ လိုနေပါပြီ။ဌာနတွေခွဲထားလို့ ကိုယ့်ဌာနနဲ့ ဆိုင်တဲ့ အရာလို့ပဲ မမြင်ပါနဲ့။ အားလုံးနဲ့ ဆိုင်တဲ့ အရာလို့မြင်တတ်ဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ ရည်မှန်းချက်က ဖောက်သည်ရဲ့လို အပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ ဖြစ်တဲ့အတွက်၊ ဌာနတစ်ခုခြင်းကလဲကိုယ့်ဌာနတစ်ခုတည်းအတွက် ဆိုတဲ့ အမြင်ကျဉ်းနဲ့ မကြည့်ပဲ၊ တူညီတဲ့ရည်ရွယ်ချက်အတွက် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
မမိုးခိုင်
zawgyi
တစ္ခါမွာ အိမ္ကအင္တာနက္က ျပတ္ေတာက္သြားတယ္။ ဆားဗစ္ကို ဖုန္းဆက္ေတာ့ဖုန္းမကိုင္၊ မက္ေဆ့ပို႔ေတာ့လဲ စာမျပန္။ တတ္သိနားလည္တဲ့သူကိုေမးၾကည့္ေတာ့ေငြမသြင္းရေသးလို႔ လိုင္းျဖတ္ထားတာ ျဖစ္ႏိုင္ပါတယ္တဲ့။ အမွန္ကေတာ့ လဆန္းပိုင္းလစဥ္ေၾကးေတာင္းတဲ့စာ ေရာက္တာနဲ႔ ေငြသြင္းေနက်ပါ။မိတ္ေဆြတစ္ေယာက္ကို အကူအညီေတာင္းၿပိး အင္တာနက္ကုမၸဏီ ဝန္ထမ္းကတဆင့္ကိုယ့္စာရင္းကို စစ္ေဆးခိုင္းေတာ့ ေငြသြင္းၿပီးေပမယ့္ သူတို႔စက္မွာ (သို႔မဟုတ္စနစ္မွာ) အမွားရွိေနလို႔ မသြင္းရေသးဘူးလို႔ျပေနတာ ျဖစ္ပါတယ္။ ဒါနဲ႔ပဲ အမွားျပင္ဆင္ၿပီးသြားေတာ့ကိုယ္အင္တာနက္လဲ လိုင္းျပန္တက္လာတယ္။ဒီေလာက္နဲ႔ ၿပီးသြားရင္လဲ အေကာင္းသား။ လွ်ာရွည္တတ္သူကိုယ္ကကုမၸဏီဝန္ထမ္းေလးကို “အန္တီတို႔မိတ္ေဆြတခ်ိဳ႕လဲ အင္တာနက္ေတြျပတ္ေနတယ္လို႔ေျပာတယ္။ (ကိုယ္ျပတ္တုန္းက ေလွ်ာက္ေမးရင္းနဲ႔ သိလာတာ)။ သားတို႔စက္မွာ တစ္ခုခုေတာ့ ျဖစ္ေနၿပီထင္တယ္” လို႔ သတင္း စကားေလး မွ်ေဝမိပါတယ္။ ဒါဆိုသူတို႔ရဲ႕စက္ကို အခ်ိန္မီျပဳျပင္ႏိုင္ၿပီး သူတို႔ရဲ႕ ေဖာက္သည္ေတြ အတြက္အျမန္ျပင္ဆင္ေပးႏိုင္ေအာင္လို႔ပါ။ ဒါေပမယ့္ သူ႔ရဲ႕တုန္႔ျပန္မႈက ကိုယ္ေမွ်ာ္လင့္ထားသလိုမဟုတ္ဘူး။
“အဲဒါ ကြၽန္ေတာ္တို႔ ဌာနက မဟုတ္ဘူး” တဲ့။
တစ္ခါမွာလဲ ကိုယ္စားဖူးတဲ့ ကိတ္မုန္႔ေလးကို ဝယ္ခ်င္တယ္ဆိုလို႔ဆိုင္ကေနမွာေပးလိုက္ပါတယ္။ မုန္႔ကိုသြားယူမယ့္ မိတ္ေဆြကို ဆိုင္ေနရာကိုေျပာျပထားတယ္။ သြားယူတဲ့ အခါက်ေတာ့ ဆိုင္က “သူတို႔ဆီမွာ မွာထားတာ မဟုတ္ဘူး”လို႔ ေျပာပါတယ္။ ျဖစ္ခ်င္ေတာ့ ဆိုင္မွာ ဆိုင္ခြဲကႏွစ္ခု ျဖစ္ေနတယ္။ တစ္ခုကစားေသာက္ဆိုင္၊ အဝင္ဝနားမွာ ရွိတဲ့ ဆိုင္ေလးတစ္ခုက မုန္႔ေရာင္းတဲ့ဆိုင္၊ ကိုယ္ကေတာ့ႏွစ္ဆိုင္လုံးဟာ တစ္ၿခံထဲမို႔ အတူတူလို႔ထင္တယ္။ မတူတယ္ပဲထားဦး၊ တစ္ဝင္းထဲေရာင္းေနၾကတာ သူဘာေရာင္းတယ္၊ ကိုယ္ဘာေရာင္းတယ္၊ သိၾကလိမ့္မယ္လို႔ ထင္တယ္။အဲဒီလိုမသိၾကတာေရာ၊ ကိုယ့္ကိစၥမဟုတ္ရင္ အကူအညီမေပးခ်င္တာကိုေရာေမွ်ာ္လင့္မထား မိဘူး။
လုပ္ငန္းခြင္တစ္ခုမွာ ကိုယ္နဲ႔ မဆိုင္ရင္ ကိုယ့္တာဝန္မဟုတ္ဘူးလို႔ ယူဆၾကတယ္။ကိုယ္တာဝန္မဟုတ္ပဲနဲ႔ ဝင္ပါမိရင္လဲ သက္ဆိုင္တဲ့သူမ်ားက “လာဝင္ရႈတ္တဲ့သူ” လို႔မၾကည္ျဖဴတတ္တာမ်ိဳး ရွိပါတယ္။ ဒီေတာ့လဲ ကိုယ္နဲ႔ မဆိုင္ရင္ ေစတနာ မထားမိတာကကိုယ့္အတြက္ ပိုစိတ္ခ်ရတယ္လို႔ပဲ ေနလိုက္ၾကေတာ့တယ္။ပိုဆိုးတာက လုပ္ငန္းတစ္ခုထဲေပမယ့္ တစ္ဖက္ကလုပ္ေနတာကို ေနာက္တစ္ဖက္ကမသိတာပဲ။ အဲဒါေၾကာင့္လဲ ဌာနတစ္ခုရဲ႕ လိုအပ္ခ်က္ကို ေနာက္ဌာနတစ္ခုကျဖည့္ဆည္းေပးရရင္ မထိေရာက္တာပဲ။လုပ္ငန္းတစ္ခုမွာ အလုပ္ခြဲျခားလုပ္ကိုင္ျခင္းက အလုပ္ပိုတြင္လို႔၊ ကြၽမ္းက်င္မႈဧရိယာတစ္ခုမွာ ေဇာက္ခ်လုပ္ကိုင္ရင္ စြမ္းေဆာင္ရည္ပိုေကာင္းေစလို႔၊အလုပ္သဘာဝအလိုက္ ခြဲျခားလုပ္ကိုင္ ႏိုင္ေအာင္ ဌာနေတြ ခြဲထားတတ္တယ္။ ဌာနအလိုက္အလုပ္ေတြခြဲထားတယ္ဆိုေပမယ့္ အဲဒီခြဲၿပီး ထုတ္လုပ္/ေဆာင္ ႐ြက္ေပးလိုက္တဲ့ရလဒ္ေတြကို ျပန္ေပါင္းလိုက္မွ ေဖာက္သည္ကို ပစၥည္းတစ္ခု၊ ဝန္ေဆာင္မႈတစ္ခုေပးႏိုင္မွာပါ။ ခြဲျခားထားတာမ်ားေလေလ ျပန္ေပါင္းတတ္ဖို႔ လိုေလေလပဲ ျဖစ္ပါတယ္။ျပန္မေပါင္းတတ္ရင္ ေနာက္ဆုံးမွာ ထြက္လာမယ့္ ရလဒ္က ဆိုး႐ြားတဲ့ ရလဒ္တစ္ခုျဖစ္သြားႏိုင္ပါတယ္။
Kiyoshi Suzaki ေရးသားတဲ့ The New Shop Floor Management စာအုပ္မွာတစ္ဖက္နဲ႔တစ္ဖက္ ဆက္ဆံမႈ၊ ပူးေပါင္းေဆာင္႐ြက္မႈ မရွိတဲ့ ဌာနေတြထဲမွာ ေဖာက္ သည္ဟာ႐ြာလည္ေနၿပီး မလိုအပ္ပဲနဲ႔ အခ်ိန္ကုန္ရ၊ အက်ိဳးမရွိပဲနဲ႔ ပင္ပန္းရတတ္တယ္တဲ့။အျပန္အလွန္ ဆက္ဆံေရး ေကာင္းတဲ့၊ ပူးေပါင္းေဆာင္႐ြက္မွႈေကာင္းတဲ့ဌာနေတြရွိမွသာလွ်င္ ေဖာက္သည္အတြက္ ေျပျပစ္ ေခ်ာေမာတဲ့ ဝန္ေဆာင္မႈကိုျပဳလုပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ပစၥည္းထုတ္လုပ္တဲ့ လုပ္ငန္းေတြဆိုရင္လဲ အလားတူပါပဲ။ ဌာနတစ္ခုက ျပဳလုပ္ေပးလိုက္တဲ့ပစၥည္းကို ေနာက္ဌာနတစ္ခုမွာ ဆက္လုပ္ေပးရဦးမွာဆိုရင္ ဒီဌာနႏွစ္ခုက မလြဲမေသြပူးေပါင္း လုပ္ေဆာင္တတ္ဖို႔ လိုေနပါၿပီ။ဌာနေတြခြဲထားလို႔ ကိုယ့္ဌာနနဲ႔ ဆိုင္တဲ့ အရာလို႔ပဲ မျမင္ပါနဲ႔။ အားလုံးနဲ႔ ဆိုင္တဲ့ အရာလို႔ျမင္တတ္ဖို႔ လိုပါတယ္။ လုပ္ငန္းတစ္ခုလုံးရဲ႕ ရည္မွန္းခ်က္က ေဖာက္သည္ရဲ႕လို အပ္ခ်က္ကို ျဖည့္ေပးႏိုင္ဖို႔ ျဖစ္တဲ့အတြက္၊ ဌာနတစ္ခုျခင္းကလဲကိုယ့္ဌာနတစ္ခုတည္းအတြက္ ဆိုတဲ့ အျမင္က်ဥ္းနဲ႔ မၾကည့္ပဲ၊ တူညီတဲ့ရည္႐ြယ္ခ်က္အတြက္ ဌာနအားလုံး ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ လိုပါတယ္။
မမိုးခိုင္
Leave a Reply