ရာထူးလှေကားထစ် အလွန်

အရင်တုန်းက ဘဝဆိုတာ ပုံသေကားချပ်ကြီးလိုပါပဲ။ ငယ်စဉ်မှာ ပညာသင်တယ်၊ ပြီးရင် အလုပ်ထဲဝင်ပြီး ရာထူးလှေကားထစ်အတိုင်း တစ်ထစ်ပြီးတစ်ထစ် တက်တယ်၊ အသက် ၆၀ ရောက်ရင် အနားယူတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ လူတွေရဲ့ သက်တမ်းက ပိုရှည်လာတယ်၊ အသက် ၁၀၀ နီးပါးအထိ နေထိုင်လာကြရတဲ့အခါ ဒီလို မျဉ်းဖြောင့်အတိုင်း သွားတဲ့ ရာထူးလှေကားထစ် စနစ်ကြီးက ကျိုးပဲ့သွားပါပြီ။လန်ဒန်စီးပွားရေးကျောင်းက ပါမောက္ခ ဒေါက်တာ လင်းဒါ ဂရတ်တွန်ကတော့ ဘဝနဲ့ အလုပ်အကိုင်ကို “လှေကားထစ်” လို့ မမြင်ဘဲ “ရက်လုပ်ထားတဲ့ အထည်အလိပ် ” တစ်ထည်လို မြင်ဖို့ တိုက်တွန်းထားပါတယ်။လှေကားဆိုတာ အပေါ်ကိုပဲ တက်ရတဲ့ လမ်းကြောင်းတစ်ခုတည်းကို ညွှန်ပြတာပါ။ ပြုတ်ကျရင်လည်း ပြုတ်ကျမယ်၊ မဟုတ်ရင် အထက်မှာ ပိတ်မိနေမယ်။ အထည်အလိပ်တစ်ခုကို စိတ်ကြိုက် ရက်လုပ်တာကျတော့ အကွက်အဆင်တွေကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်၊ လိုသလို ပုံဖော်လို့ရတယ်။

ဘဝက စာအုပ်ကြီးအတိုင်း ဖြောင့်ဖြောင့်တန်းတန်း ဘယ်တုန်းကမှ မရှိခဲ့ဘူး

အစဉ်အလာစနစ်အရ လူကြီးဘဝကို “ကျောင်းတက်၊ အလုပ်လုပ်၊ အနားယူ” ဆိုပြီး သုံးပိုင်း ပိုင်းခြားထားပေမဲ့ သက်တမ်းရှည်လာတဲ့ခေတ်မှာ ဒါတွေ အကုန်ရော ယှက်ကုန်ပါပြီ။ အသက် ၃၀ မှာ ခွင့်ရှည်ယူပြီး ခရီးထွက်ချင်ထွက်မယ်၊ အသက် ၅၀ ကျမှ အလုပ်အကိုင်လိုင်းသစ် ပြောင်းချင်ပြောင်းမယ်၊ သို့မဟုတ် အသက် ၆၀ ရောက်မှ စီးပွားရေးအသစ် စတင်ချင်စတင်မယ်။ ပညာသင်ယူတာဆိုတာလည်း ကျောင်းပြီးရုံနဲ့ မပြီးတော့ဘဲ ဘဝတစ်လျှောက်လုံး ပြန်ပေါ်လာနေမှာပါ။တကယ်တော့ အလုပ်အကိုင်လမ်းကြောင်းဆိုတာ ဘယ်တုန်းကမှ မျဉ်းဖြောင့်မရှိခဲ့ပါဘူး။ လမ်းဘေးထွက်ပြီး စမ်းသပ်လုပ်ဆောင်ခဲ့တဲ့ ပရောဂျက်လေးတွေကနေမှ ကိုယ့်ရဲ့ ပင်ကိုယ်ဝါသနာအမှန်ကို တွေ့ရှိသွားတာမျိုးတွေ အများကြီးရှိပါတယ်။ ဒေါက်တာ ဂရတ်တွန် ကိုယ်တိုင်လည်း ဗြိတိသျှ လေကြောင်းလိုင်းမှာ စိတ်ပညာရှင်အဖြစ် အလုပ်လုပ်စဉ်က လေယာဉ်မှူးရွေးချယ်ရေး ပရောဂျက်တစ်ခုမှာ ပါဝင်ရင်း အချက်အလက်တွေကို လေ့လာရတာနဲ့ စာရေးရတာကို ဝါသနာပါမှန်း သိသွားခဲ့ရတာပါ။ဒါကြောင့် အကွက်ဆန်းဆန်း လမ်းကြောင်းခွဲလေးတွေဆီ ခေတ္တခွဲထွက်ကြည့်တာဟာ အချိန်ဖြုန်းတာ မဟုတ်ဘဲ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပိုမို ပေါ်လွင်စေတဲ့ ရင်းနှီးမြှုပ် နှံမှုပဲ ဖြစ်ပါတယ်။

ကျွမ်းကျင်မှုကို ပိုင်နိုင်ပါစေ၊ ဒါပေမဲ့ နယ်ပယ်သစ်မှာ စမ်းသပ်ပါ

AI တွေ၊ နည်းပညာတွေ ထွန်းကားလာတဲ့ အနာဂတ်မှာ အပေါ်ယံ အသိပညာတွေက ပိုလို့တောင် အန္တရာယ်များလာပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုပေါ်မှာ အနက်ရှိုင်းဆုံးအထိ ကျွမ်းကျင်နေဖို့ (Deep Expertise) တော့ တကယ် လိုအပ်ပါတယ်။ဒါပေမဲ့ ထောင်ချောက်တစ်ခုတော့ ရှိတယ်။ “ငါ တတ်ထားတဲ့၊ အောင်မြင်ခဲ့တဲ့ နည်းလမ်းတစ်ခုတည်းကိုပဲ ဘဝတစ်လျှောက်လုံး သုံးတော့မယ်” ဆိုရင်တော့ အဲဒီကျွမ်းကျင်မှုဟာ ကိုယ့်ကို ပိတ်လှောင်ထားတဲ့ လှောင်အိမ်ကြီး ဖြစ်သွားပါလိမ့်မယ်။ အဖြေကတော့ ကိုယ်ကျွမ်းကျင်တဲ့ အားသာချက်ကို ပစ်ပယ်လိုက်ဖို့ မဟုတ်ဘဲ “စွမ်းရည်ချင်း နီးစပ်တဲ့ နယ်ပယ်သစ်များသို့ ချဲ့ထွင်ခြင်း (Adjacencies)” ပဲ ဖြစ်ပါတယ်။ဥပမာ စာရေးတာ၊ သင်ကြားတာကို ကျွမ်းကျင်တဲ့သူက Podcast ထုတ်လွှင့်တာ၊ စာအုပ်သစ် ပုံစံဆန်းတွေ ထုတ်တာမျိုး ပတ်ဝန်းကျင်အသစ်မှာ စမ်းသပ်ကြည့်တာမျိုးပေါ့။ ဘဝကို အသစ်ပြန်စတယ်ဆိုတာ တစ်ညတည်းနဲ့ ပြောင်းလဲသွားတာမဟုတ်ဘဲ နီးစပ်ရာ နယ်ပယ်အသစ်တွေမှာ စမ်းသပ်မှုအသေးလေးတွေ ပြု လုပ်ရင်းနဲ့မှ တဖြည်းဖြည်း ပြောင်းလဲလာတာ ဖြစ်ပါတယ်။

စူးစမ်းလိုစိတ်နဲ့ Active Learning ကသာ အဓိက သော့ချက်

အခုခေတ်မှာ ဖုန်းစခရင် ပွတ်ရုံ၊ သတင်းအချက်အလက်တွေကို အလွယ်တကူ ဖတ်လိုက်ရုံနဲ့ သင်ယူမှု (Learning) ဖြစ်မလာပါဘူး။ ဒါဟာ Passive Process ပဲ ရှိပါသေးတယ်။ စစ်မှန်တဲ့ သင်ယူမှုဆိုတာ တုံ့ပြန်ချက်တွေ၊ ပြန်လည်သုံးသပ်မှုတွေနဲ့ မိမိနဲ့ နယ်ပယ်မတူတဲ့ လူတွေ၊ အယူအဆတွေနဲ့ အတိုက်အခံ ပြုလုပ်ရတဲ့ Active Process ဖြစ်ပါတယ်။AI ကြောင့် အဖြေတွေနဲ့ ဗဟုသုတတွေ လွယ်လွယ်ရနေတဲ့ခေတ်မှာ “စူးစမ်းလိုစိတ်” ရှိတဲ့သူတွေဟာ အလိုအပ်ဆုံး တန်ဖိုးတစ်ခု ဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ မန်နေဂျာရေးရာ စနစ်အများစုကတော့ အဆင့်ဆင့် ရာထူးတက်လမ်းအတိုင်း သွားတာကိုပဲ အောင်မြင်မှုအဖြစ် သတ်မှတ်ပေးနေတုန်းပါပဲ။ ဒါဟာ ကုမ္ပဏီတွေ လိုချင်ပါတယ်ဆိုတဲ့ ဝန်ထမ်းတွေရဲ့ စမ်းသပ်စူးစမ်းလိုစိတ်ကို ရာထူးလှေကားစနစ်ကြီးက ဖိနှိပ်ထားသလို ဖြစ်နေပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ ဘေးတိုက်နေရာပြောင်းခွင့်၊ ခွင့်ရက်ရှည်ယူခွင့်၊ ပရောဂျက်အသစ် စမ်းသပ်ခွင့်ဆိုတဲ့ ပိုမို ရင့်ကျက်တဲ့ နားလည်မှုမျိုးတွေ ပေးအပ်ဖို့ လိုအပ်နေပါပြီ။

သင့်ပတ်ဝန်းကျင်က လူတွေနဲ့ ကွဲပြားခြားနားမှုရဲ့ တန်ဖိုး

ဘဝမှာ အောင်မြင်မှုကြီးတွေဆိုတာ အမြဲတမ်း တခြားလူတွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ်နဲ့ စိတ်တူကိုယ်တူ တူညီလွန်းတဲ့သူတွေချည်းပဲ စည်းလုံးနေမယ်ဆိုရင် လုံခြုံမှုတော့ ရပေမဲ့ တီထွင်ဆန်းသစ်မှု မထွက်လာတော့ပါဘူး။ဆင်တူမှုတွေက ပူးပေါင်းဆောင်ရွက်ရတာကို လွယ်ကူစေပေမဲ့ ကွဲပြားမှုတွေကမှ တီထွင်ဆန်းသစ်မှုကို ဖြစ်စေတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ပုံမှန် ပတ်ဝန်းကျင်ထဲကနေ ထွက်ပြီး အမြင်မတူ၊ အတွေ့အကြုံမတူတဲ့ လူတွေနဲ့ ဆုံတွေ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စွမ်းရည်ဟာ သက်တမ်းရှည် အလုပ်အကိုင်ဘဝမှာ မရှိမဖြစ် လိုအပ်ပါတယ်။

အဓိက ရှားပါးလာမယ့်အရာက “စိတ် အေးချမ်းမှု”

အသက် ၁၀၀ လောက်အထိ ရှည်လျားမယ့် အလုပ်အကိုင်ဘဝမှာ အကြီးမားဆုံး စိန်ခေါ်မှုဟာ ပိုမိုကြိုးစားဖို့ မဟုတ်ဘဲ “စိတ်ရဲ့ အေးချမ်းမှုနဲ့ နေရာလွတ်” ကို ဖန်တီးယူဖို့ပဲ ဖြစ်ပါတယ်။ဘဝကို ပြန်လည်သုံးသပ်ဖို့၊ ဘာက တကယ် အရေးကြီးတာလဲဆိုတာ ဆုံးဖြတ်ဖို့ စိတ်အေးချမ်းမှု မရှိရင် ဘာမှ စဉ်းစားလို့ ရမှာမဟုတ်ပါဘူး။ ရာထူးလှေကားထစ်ကတော့ နောက်တစ်ထစ် ဘာတက်ရမလဲဆိုတာကိုပဲ စေခိုင်းနေမှာပါ။ ရက်လုပ်ထားတဲ့ ဘဝမှာတော့ ခဏတာ ရပ်တန့်ပြီး ကိုယ်ရက်လုပ်နေတဲ့ အထည်ရဲ့ အကွက်အဆင်တွေကို ပြန်လည်စစ်ဆေးဖို့ စိတ်အေးချမ်းမှုရအောင် တမင်တကာ အချိန်ပေးရပါမယ်။

အသက် ၁၀၀ ဘဝမှာ မေးရမယ့် မေးခွန်း

အသက်ပိုရှည်လာရုံနဲ့ ဘဝက ပိုမိုကြွယ်ဝလာတာ မဟုတ်ပါဘူး။ မလိုအပ်တော့တဲ့ ရွေးချယ်မှုတွေကို ရာထူးလှေကားဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ခါထပ်ခါ မိုက်မိုက်ကန်းကန်း လုပ်နေရင် အချိန်တွေပဲ ကုန်သွားပါလိမ့်မယ်။အနာဂတ်မှာ ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေ မေးရမယ့် မေးခွန်းက “ငါ့အလုပ်အကိုင် လမ်းကြောင်းက ဘယ်နေရာအထိ ရောက်သွားမလဲ” ဆိုတဲ့ မေးခွန်း မဟုတ်တော့ပါဘူး။“ဒီအလုပ်တွေ၊ ဒီစမ်းသပ်မှုတွေကို ဖြတ်သန်းရင်းနဲ့ ငါ ဘယ်လိုလူမျိုး ဖြစ်လာနေသလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ရာထူးလှေကားပေါ် ဘယ်လောက်မြင့်မြင့် တက်နိုင်ခဲ့လဲဆိုတာထက် ဒီမေးခွန်းရဲ့ အဖြေကသာ သင့်ရဲ့ သက်တမ်းရှည် ဘဝကို ပိုမို အဓိပ္ပာယ်ရှိစေမှာဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

အရင္တုန္းက ဘဝဆိုတာ ပုံေသကားခ်ပ္ႀကီးလိုပါပဲ။ ငယ္စဥ္မွာ ပညာသင္တယ္၊ ၿပီးရင္ အလုပ္ထဲဝင္ၿပီး ရာထူးေလွကားထစ္အတိုင္း တစ္ထစ္ၿပီးတစ္ထစ္ တက္တယ္၊ အသက္ ၆၀ ေရာက္ရင္ အနားယူတယ္။ ဒါေပမဲ့ ဒီေန႔ေခတ္မွာ လူေတြရဲ႕ သက္တမ္းက ပိုရွည္လာတယ္၊ အသက္ ၁၀၀ နီးပါးအထိ ေနထိုင္လာၾကရတဲ့အခါ ဒီလို မ်ဥ္းေျဖာင့္အတိုင္း သြားတဲ့ ရာထူးေလွကားထစ္ စနစ္ႀကီးက က်ိဳးပဲ့သြားပါၿပီ။လန္ဒန္စီးပြားေရးေက်ာင္းက ပါေမာကၡ ေဒါက္တာ လင္းဒါ ဂရတ္တြန္ကေတာ့ ဘဝနဲ႔ အလုပ္အကိုင္ကို “ေလွကားထစ္” လို႔ မျမင္ဘဲ “ရက္လုပ္ထားတဲ့ အထည္အလိပ္ ” တစ္ထည္လို ျမင္ဖို႔ တိုက္တြန္းထားပါတယ္။ေလွကားဆိုတာ အေပၚကိုပဲ တက္ရတဲ့ လမ္းေၾကာင္းတစ္ခုတည္းကို ၫႊန္ျပတာပါ။ ျပဳတ္က်ရင္လည္း ျပဳတ္က်မယ္၊ မဟုတ္ရင္ အထက္မွာ ပိတ္မိေနမယ္။ အထည္အလိပ္တစ္ခုကို စိတ္ႀကိဳက္ ရက္လုပ္တာက်ေတာ့ အကြက္အဆင္ေတြကို ကိုယ္တိုင္ ေ႐ြးခ်ယ္ခြင့္ရွိတယ္၊ လိုသလို ပုံေဖာ္လို႔ရတယ္။

ဘဝက စာအုပ္ႀကီးအတိုင္း ေျဖာင့္ေျဖာင့္တန္းတန္း ဘယ္တုန္းကမွ မရွိခဲ့ဘူး

အစဥ္အလာစနစ္အရ လူႀကီးဘဝကို “ေက်ာင္းတက္၊ အလုပ္လုပ္၊ အနားယူ” ဆိုၿပီး သုံးပိုင္း ပိုင္းျခားထားေပမဲ့ သက္တမ္းရွည္လာတဲ့ေခတ္မွာ ဒါေတြ အကုန္ေရာ ယွက္ကုန္ပါၿပီ။ အသက္ ၃၀ မွာ ခြင့္ရွည္ယူၿပီး ခရီးထြက္ခ်င္ထြက္မယ္၊ အသက္ ၅၀ က်မွ အလုပ္အကိုင္လိုင္းသစ္ ေျပာင္းခ်င္ေျပာင္းမယ္၊ သို႔မဟုတ္ အသက္ ၆၀ ေရာက္မွ စီးပြားေရးအသစ္ စတင္ခ်င္စတင္မယ္။ ပညာသင္ယူတာဆိုတာလည္း ေက်ာင္းၿပီး႐ုံနဲ႔ မၿပီးေတာ့ဘဲ ဘဝတစ္ေလွ်ာက္လုံး ျပန္ေပၚလာေနမွာပါ။တကယ္ေတာ့ အလုပ္အကိုင္လမ္းေၾကာင္းဆိုတာ ဘယ္တုန္းကမွ မ်ဥ္းေျဖာင့္မရွိခဲ့ပါဘူး။ လမ္းေဘးထြက္ၿပီး စမ္းသပ္လုပ္ေဆာင္ခဲ့တဲ့ ပေရာဂ်က္ေလးေတြကေနမွ ကိုယ့္ရဲ႕ ပင္ကိုယ္ဝါသနာအမွန္ကို ေတြ႕ရွိသြားတာမ်ိဳးေတြ အမ်ားႀကီးရွိပါတယ္။ ေဒါက္တာ ဂရတ္တြန္ ကိုယ္တိုင္လည္း ၿဗိတိသွ် ေလေၾကာင္းလိုင္းမွာ စိတ္ပညာရွင္အျဖစ္ အလုပ္လုပ္စဥ္က ေလယာဥ္မႉးေ႐ြးခ်ယ္ေရး ပေရာဂ်က္တစ္ခုမွာ ပါဝင္ရင္း အခ်က္အလက္ေတြကို ေလ့လာရတာနဲ႔ စာေရးရတာကို ဝါသနာပါမွန္း သိသြားခဲ့ရတာပါ။ဒါေၾကာင့္ အကြက္ဆန္းဆန္း လမ္းေၾကာင္းခြဲေလးေတြဆီ ေခတၱခြဲထြက္ၾကည့္တာဟာ အခ်ိန္ျဖဳန္းတာ မဟုတ္ဘဲ ကိုယ့္ရဲ႕ ျဖစ္တည္မႈကို ပိုမို ေပၚလြင္ေစတဲ့ ရင္းႏွီးျမႇဳပ္ ႏွံမႈပဲ ျဖစ္ပါတယ္။

ကြၽမ္းက်င္မႈကို ပိုင္ႏိုင္ပါေစ၊ ဒါေပမဲ့ နယ္ပယ္သစ္မွာ စမ္းသပ္ပါ

AI ေတြ၊ နည္းပညာေတြ ထြန္းကားလာတဲ့ အနာဂတ္မွာ အေပၚယံ အသိပညာေတြက ပိုလို႔ေတာင္ အႏၲရာယ္မ်ားလာပါတယ္။ ကိုယ္လုပ္တဲ့ အလုပ္တစ္ခုေပၚမွာ အနက္ရႈိင္းဆုံးအထိ ကြၽမ္းက်င္ေနဖို႔ (Deep Expertise) ေတာ့ တကယ္ လိုအပ္ပါတယ္။ဒါေပမဲ့ ေထာင္ေခ်ာက္တစ္ခုေတာ့ ရွိတယ္။ “ငါ တတ္ထားတဲ့၊ ေအာင္ျမင္ခဲ့တဲ့ နည္းလမ္းတစ္ခုတည္းကိုပဲ ဘဝတစ္ေလွ်ာက္လုံး သုံးေတာ့မယ္” ဆိုရင္ေတာ့ အဲဒီကြၽမ္းက်င္မႈဟာ ကိုယ့္ကို ပိတ္ေလွာင္ထားတဲ့ ေလွာင္အိမ္ႀကီး ျဖစ္သြားပါလိမ့္မယ္။ အေျဖကေတာ့ ကိုယ္ကြၽမ္းက်င္တဲ့ အားသာခ်က္ကို ပစ္ပယ္လိုက္ဖို႔ မဟုတ္ဘဲ “စြမ္းရည္ခ်င္း နီးစပ္တဲ့ နယ္ပယ္သစ္မ်ားသို႔ ခ်ဲ႕ထြင္ျခင္း (Adjacencies)” ပဲ ျဖစ္ပါတယ္။ဥပမာ စာေရးတာ၊ သင္ၾကားတာကို ကြၽမ္းက်င္တဲ့သူက Podcast ထုတ္လႊင့္တာ၊ စာအုပ္သစ္ ပုံစံဆန္းေတြ ထုတ္တာမ်ိဳး ပတ္ဝန္းက်င္အသစ္မွာ စမ္းသပ္ၾကည့္တာမ်ိဳးေပါ့။ ဘဝကို အသစ္ျပန္စတယ္ဆိုတာ တစ္ညတည္းနဲ႔ ေျပာင္းလဲသြားတာမဟုတ္ဘဲ နီးစပ္ရာ နယ္ပယ္အသစ္ေတြမွာ စမ္းသပ္မႈအေသးေလးေတြ ျပဳ လုပ္ရင္းနဲ႔မွ တျဖည္းျဖည္း ေျပာင္းလဲလာတာ ျဖစ္ပါတယ္။

စူးစမ္းလိုစိတ္နဲ႔ Active Learning ကသာ အဓိက ေသာ့ခ်က္

အခုေခတ္မွာ ဖုန္းစခရင္ ပြတ္႐ုံ၊ သတင္းအခ်က္အလက္ေတြကို အလြယ္တကူ ဖတ္လိုက္႐ုံနဲ႔ သင္ယူမႈ (Learning) ျဖစ္မလာပါဘူး။ ဒါဟာ Passive Process ပဲ ရွိပါေသးတယ္။ စစ္မွန္တဲ့ သင္ယူမႈဆိုတာ တုံ႔ျပန္ခ်က္ေတြ၊ ျပန္လည္သုံးသပ္မႈေတြနဲ႔ မိမိနဲ႔ နယ္ပယ္မတူတဲ့ လူေတြ၊ အယူအဆေတြနဲ႔ အတိုက္အခံ ျပဳလုပ္ရတဲ့ Active Process ျဖစ္ပါတယ္။AI ေၾကာင့္ အေျဖေတြနဲ႔ ဗဟုသုတေတြ လြယ္လြယ္ရေနတဲ့ေခတ္မွာ “စူးစမ္းလိုစိတ္” ရွိတဲ့သူေတြဟာ အလိုအပ္ဆုံး တန္ဖိုးတစ္ခု ျဖစ္လာပါလိမ့္မယ္။ဒါေပမဲ့ မန္ေနဂ်ာေရးရာ စနစ္အမ်ားစုကေတာ့ အဆင့္ဆင့္ ရာထူးတက္လမ္းအတိုင္း သြားတာကိုပဲ ေအာင္ျမင္မႈအျဖစ္ သတ္မွတ္ေပးေနတုန္းပါပဲ။ ဒါဟာ ကုမၸဏီေတြ လိုခ်င္ပါတယ္ဆိုတဲ့ ဝန္ထမ္းေတြရဲ႕ စမ္းသပ္စူးစမ္းလိုစိတ္ကို ရာထူးေလွကားစနစ္ႀကီးက ဖိႏွိပ္ထားသလို ျဖစ္ေနပါတယ္။ အဖြဲ႕အစည္းေတြအေနနဲ႔ ေဘးတိုက္ေနရာေျပာင္းခြင့္၊ ခြင့္ရက္ရွည္ယူခြင့္၊ ပေရာဂ်က္အသစ္ စမ္းသပ္ခြင့္ဆိုတဲ့ ပိုမို ရင့္က်က္တဲ့ နားလည္မႈမ်ိဳးေတြ ေပးအပ္ဖို႔ လိုအပ္ေနပါၿပီ။

သင့္ပတ္ဝန္းက်င္က လူေတြနဲ႔ ကြဲျပားျခားနားမႈရဲ႕ တန္ဖိုး

ဘဝမွာ ေအာင္ျမင္မႈႀကီးေတြဆိုတာ အၿမဲတမ္း တျခားလူေတြနဲ႔ အတူတူ ပူးေပါင္းလုပ္ေဆာင္ခဲ့တာေတြခ်ည္းပါပဲ။ ဒါေပမဲ့ ကိုယ္နဲ႔ စိတ္တူကိုယ္တူ တူညီလြန္းတဲ့သူေတြခ်ည္းပဲ စည္းလုံးေနမယ္ဆိုရင္ လုံၿခဳံမႈေတာ့ ရေပမဲ့ တီထြင္ဆန္းသစ္မႈ မထြက္လာေတာ့ပါဘူး။ဆင္တူမႈေတြက ပူးေပါင္းေဆာင္႐ြက္ရတာကို လြယ္ကူေစေပမဲ့ ကြဲျပားမႈေတြကမွ တီထြင္ဆန္းသစ္မႈကို ျဖစ္ေစတာပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ပုံမွန္ ပတ္ဝန္းက်င္ထဲကေန ထြက္ၿပီး အျမင္မတူ၊ အေတြ႕အႀကဳံမတူတဲ့ လူေတြနဲ႔ ဆုံေတြ႕ ပူးေပါင္းေဆာင္႐ြက္တတ္တဲ့ စြမ္းရည္ဟာ သက္တမ္းရွည္ အလုပ္အကိုင္ဘဝမွာ မရွိမျဖစ္ လိုအပ္ပါတယ္။

အဓိက ရွားပါးလာမယ့္အရာက “စိတ္ ေအးခ်မ္းမႈ”

အသက္ ၁၀၀ ေလာက္အထိ ရွည္လ်ားမယ့္ အလုပ္အကိုင္ဘဝမွာ အႀကီးမားဆုံး စိန္ေခၚမႈဟာ ပိုမိုႀကိဳးစားဖို႔ မဟုတ္ဘဲ “စိတ္ရဲ႕ ေအးခ်မ္းမႈနဲ႔ ေနရာလြတ္” ကို ဖန္တီးယူဖို႔ပဲ ျဖစ္ပါတယ္။ဘဝကို ျပန္လည္သုံးသပ္ဖို႔၊ ဘာက တကယ္ အေရးႀကီးတာလဲဆိုတာ ဆုံးျဖတ္ဖို႔ စိတ္ေအးခ်မ္းမႈ မရွိရင္ ဘာမွ စဥ္းစားလို႔ ရမွာမဟုတ္ပါဘူး။ ရာထူးေလွကားထစ္ကေတာ့ ေနာက္တစ္ထစ္ ဘာတက္ရမလဲဆိုတာကိုပဲ ေစခိုင္းေနမွာပါ။ ရက္လုပ္ထားတဲ့ ဘဝမွာေတာ့ ခဏတာ ရပ္တန႔္ၿပီး ကိုယ္ရက္လုပ္ေနတဲ့ အထည္ရဲ႕ အကြက္အဆင္ေတြကို ျပန္လည္စစ္ေဆးဖို႔ စိတ္ေအးခ်မ္းမႈရေအာင္ တမင္တကာ အခ်ိန္ေပးရပါမယ္။

အသက္ ၁၀၀ ဘဝမွာ ေမးရမယ့္ ေမးခြန္း

အသက္ပိုရွည္လာ႐ုံနဲ႔ ဘဝက ပိုမိုႂကြယ္ဝလာတာ မဟုတ္ပါဘူး။ မလိုအပ္ေတာ့တဲ့ ေ႐ြးခ်ယ္မႈေတြကို ရာထူးေလွကားဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ထပ္ခါထပ္ခါ မိုက္မိုက္ကန္းကန္း လုပ္ေနရင္ အခ်ိန္ေတြပဲ ကုန္သြားပါလိမ့္မယ္။အနာဂတ္မွာ ေခါင္းေဆာင္ေတြနဲ႔ ဝန္ထမ္းေတြ ေမးရမယ့္ ေမးခြန္းက “ငါ့အလုပ္အကိုင္ လမ္းေၾကာင္းက ဘယ္ေနရာအထိ ေရာက္သြားမလဲ” ဆိုတဲ့ ေမးခြန္း မဟုတ္ေတာ့ပါဘူး။“ဒီအလုပ္ေတြ၊ ဒီစမ္းသပ္မႈေတြကို ျဖတ္သန္းရင္းနဲ႔ ငါ ဘယ္လိုလူမ်ိဳး ျဖစ္လာေနသလဲ” ဆိုတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။ရာထူးေလွကားေပၚ ဘယ္ေလာက္ျမင့္ျမင့္ တက္ႏိုင္ခဲ့လဲဆိုတာထက္ ဒီေမးခြန္းရဲ႕ အေျဖကသာ သင့္ရဲ႕ သက္တမ္းရွည္ ဘဝကို ပိုမို အဓိပၸာယ္ရွိေစမွာျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*