လုပ်ငန်းခွင်မှာ တကယ့်ကို အပင်ပန်းဆုံးအရာက အလုပ်တာဝန်တွေတင် မဟုတ်ပါဘူး။ အဲဒီအလုပ်နဲ့ ပတ်သက်ပြီး ကိုယ်က အဓိပ္ပာယ်တွေ ထပ်ဖြည့်တွေးနေမိတာက ပိုပြီး ပင်ပန်းစေပါတယ်။ ဥပမာ မန်နေဂျာဆီက အီးမေးလ်က တိုတောင်းနေတာ၊ အစည်းအဝေးမှာ သူတို့မျက်နှာက တည်နေတာတွေကို ကြည့်ပြီး “ငါ အလုပ်ကောင်းကောင်းမလုပ်လို့လား”၊ “သူတို့ ငါ့ကို မတန်ဖိုးထားတော့တာလား” လို့ ကိုယ့်ဘာသာကိုယ် ဇာတ်လမ်းဆင်ပြီး ပူပန်နေမိတာမျိုးပါ။ ပြဿနာက ကိုယ်က အထိမခံလွယ်တာ မဟုတ်ပါဘူး၊ အဲဒီလို အလွန်အမင်း တွေးပူပြီး စိတ်ပိုင်းဆိုင်ရာနယ်နိမိတ် မသတ်မှတ်တတ်တာကြောင့် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ဆိုတာ လူတွေနဲ့ အဆက်အသွယ်ဖြတ်တာ မဟုတ်ဘဲ၊ သူတို့ရဲ့ စိတ်အခြေအနေအပေါ် ကိုယ်က အလိုလို အဓိပ္ပာယ်ကောက်ပြီး ပါသွားတာမျိုးမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ခေါင်းဆောင်မှုပုံစံတွေကို အလွန်အမင်း အဓိပ္ပာယ်ကောက်ခြင်းရဲ့ အကျိုးဆက်များ
တခြားသူတွေရဲ့ ဆက်ဆံရေးပုံစံကို အလွန်အမင်း အဓိပ္ပာယ်ကောက်လိုက်တဲ့အခါ လုပ်ရမယ့်အလုပ်ဆီက စွမ်းအင်တွေဟာ အကြောင်းမဲ့ စိုးရိမ်မှုတွေဆီကို ရောက်သွားပါတယ်။ ဥပမာ “ကျေးဇူးတင်ပါတယ်” လို့ အတိုလေးပြောတာကို “သူ ငါ့အလုပ်ကို မကျေနပ်ဘူး” လို့ တွေးလိုက်တာမျိုးပါ။ ဒီလိုအလေ့အကျင့်တွေက အချိန်ကြာလာတဲ့အခါ ယုံကြည်မှုကို ကျဆင်းစေပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ထိခိုက်စေပါတယ်။ဒီလိုတွေမဖြစ်ရအောင် စိ တ်ပိုင်းဆိုင်ရာ နယ်ပယ် သတ်မှတ်ဖို့ နည်းလမ်း (၅) သွယ်ကို မျှဝေပေးချင်ပါတယ်။
အဖြစ်မှန် (Fact) နဲ့ ကြောက်စိတ် (Fear) ကို ခွဲခြားပါ
တစ်ခုခုဖြစ်လာရင် “ငါဘာကိုသိတယ်၊ ငါဘာကို ခန့်မှန်းနေလဲ” ဆိုတာကို ခွဲခြားပါ။
Fact – မန်နေဂျာက စာတစ်ကြောင်းတည်းပဲ ပြန်ရေးလိုက်တယ်။
Fear – သူတို့ ငါ့ကို စိတ်ပျက်နေတာ ဖြစ်ရမယ်။
ဒီလိုခွဲခြားတတ်ရင် စိတ်လှုပ်ရှားမှုတွေ လျော့ကျသွားပါလိမ့်မယ်။
သူတို့ရဲ့ ပြောဆိုဆက်ဆံပုံ (Communication Style) ကို နားလည်ပေးပါ
တချို့ခေါင်းဆောင်တွေက တိုတိုတုတ်တုတ် ပြောတတ်တယ်၊ အလုပ်ကိစ္စကိုပဲ အဓိကထားတတ်တယ်၊ ဒါမှမဟုတ် စာရေးရင် အေးစက်စက်ဖြစ်တတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ စရိုက်ပဲဖြစ်ပြီး သင့်အလုပ်အပေါ် အကောင်း၊ အဆိုး သတ်မှတ်ချက်မဟုတ်ပါဘူး။ “ဒါက သူတို့ရဲ့ ပြောပုံဆိုပုံပဲ၊ ငါ့အလုပ်မကောင်းလို့ မဟုတ်ဘူး” လို့ reframe လုပ်ပေးပါ။
အချက်အလက် (Data) ကိုပဲ အခြေခံပါ
စိတ်ကူးယဉ်ပြီး ပူပန်နေမယ့်အစား တကယ့်အချက်အလက်တွေကိုပဲ ကြည့်ပါ။ သတ်မှတ်ထားတဲ့ ပန်းတိုင် (KPIs)၊ တရားဝင်ပေးတဲ့ Feedback တွေကလွဲရင် ကျန်တာတွေကို အလေးမထားပါနဲ့။ ဒါတွေကပဲ သင့်တိုးတက်မှုအတွက် တကယ့်အရင်းအမြစ်တွေပါ။
ခဏရပ်ပြီး စိတ်ကို အေးအေးထားပါ (ABCD နည်းလမ်း)
အတွေးတွေ လွန်လာတဲ့အခါ ဒီနည်းလမ်းကို သုံးပါ။
A (Awareness) – ကိုယ့်စိတ်ခံစားချက်ကို သတိထားမိအောင်လုပ်ပါ။ “ငါက ဒီမေးလ်ကိုကြည့်ပြီး ငါ့ကို အလုပ်ဖြုတ်တော့မယ်လို့ ထင်နေတာပဲ” လို့ နာမည်တပ်ပါ။
B (Breathing) – အသက်ကို ဝဝရှူပါ။ ဒါက သင့်ဦးနှောက်ကို တည်ငြိမ်သွားစေပါတယ်။
C (Challenge) – ကိုယ့်အတွေးကို ပြန်မေးခွန်းထုတ်ပါ။ “ငါ့မှာ အချက်အလက်အပြည့်အစုံမှ မရှိသေးတာ၊ သူလည်း အလုပ်တွေရှုပ်နေတာ ဖြစ်မှာပါ” လို့ တွေးပေးပါ။
D (Do something)- အလုပ်ကို ပြန်ကူးပြောင်းပါ။ ကိုယ့်ရဲ့ တာဝန်တွေကိုပဲ ဆက်လုပ်ပါ။
ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကိုပဲ အာရုံစိုက်ပါ
သူများဘယ်လိုထင်မလဲဆိုတာကိုပဲ စိတ်ပူနေရင် ကိုယ့်အလုပ်မှာ အာရုံစိုက်ဖို့ ခက်သွားပါလိမ့်မယ်။ “ဒီနေ့ ငါ ဘာလုပ်ရမလဲ”၊ “ဘယ်အလုပ်ကို ပိုကောင်းအောင် လုပ်လို့ရမလဲ” ဆိုတာကိုပဲ အာရုံစိုက်ပါ။ ကိုယ်ထိန်းချုပ်နိုင်တဲ့ အလုပ်တွေပေါ်မှာပဲ အချိန်ပေးလိုက်ရင် စိတ်ဖိစီးမှုတွေ အလိုလို ပျောက်သွားပါလိမ့်မယ်။စိတ်ပိုင်းဆိုင်ရာ နယ်ပယ် သတ်မှတ်တယ်ဆိုတာ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ပိုပြီး တည်ငြိမ်အောင် ထိန်းကျောင်းပြီး၊ မလိုအပ်တဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားကာ အလုပ်မှာ ပိုပြီး ထူးချွန်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
လုပ္ငန္းခြင္မွာ တကယ့္ကို အပင္ပန္းဆုံးအရာက အလုပ္တာဝန္ေတြတင္ မဟုတ္ပါဘူး။ အဲဒီအလုပ္နဲ႔ ပတ္သက္ၿပီး ကိုယ္က အဓိပၸာယ္ေတြ ထပ္ျဖည့္ေတြးေနမိတာက ပိုၿပီး ပင္ပန္းေစပါတယ္။ ဥပမာ မန္ေနဂ်ာဆီက အီးေမးလ္က တိုေတာင္းေနတာ၊ အစည္းအေဝးမွာ သူတို႔မ်က္ႏွာက တည္ေနတာေတြကို ၾကည့္ၿပီး “ငါ အလုပ္ေကာင္းေကာင္းမလုပ္လို႔လား”၊ “သူတို႔ ငါ့ကို မတန္ဖိုးထားေတာ့တာလား” လို႔ ကိုယ့္ဘာသာကိုယ္ ဇာတ္လမ္းဆင္ၿပီး ပူပန္ေနမိတာမ်ိဳးပါ။ ျပႆနာက ကိုယ္က အထိမခံလြယ္တာ မဟုတ္ပါဘူး၊ အဲဒီလို အလြန္အမင္း ေတြးပူၿပီး စိတ္ပိုင္းဆိုင္ရာနယ္နိမိတ္ မသတ္မွတ္တတ္တာေၾကာင့္ ျဖစ္ပါတယ္။ စိတ္ပိုင္းဆိုင္ရာ နယ္ပယ္ဆိုတာ လူေတြနဲ႔ အဆက္အသြယ္ျဖတ္တာ မဟုတ္ဘဲ၊ သူတို႔ရဲ႕ စိတ္အေျခအေနအေပၚ ကိုယ္က အလိုလို အဓိပၸာယ္ေကာက္ၿပီး ပါသြားတာမ်ိဳးမျဖစ္ေအာင္ ကိုယ့္ကိုယ္ကိုယ္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။
ေခါင္းေဆာင္မႈပုံစံေတြကို အလြန္အမင္း အဓိပၸာယ္ေကာက္ျခင္းရဲ႕ အက်ိဳးဆက္မ်ား
တျခားသူေတြရဲ႕ ဆက္ဆံေရးပုံစံကို အလြန္အမင္း အဓိပၸာယ္ေကာက္လိုက္တဲ့အခါ လုပ္ရမယ့္အလုပ္ဆီက စြမ္းအင္ေတြဟာ အေၾကာင္းမဲ့ စိုးရိမ္မႈေတြဆီကို ေရာက္သြားပါတယ္။ ဥပမာ “ေက်းဇူးတင္ပါတယ္” လို႔ အတိုေလးေျပာတာကို “သူ ငါ့အလုပ္ကို မေက်နပ္ဘူး” လို႔ ေတြးလိုက္တာမ်ိဳးပါ။ ဒီလိုအေလ့အက်င့္ေတြက အခ်ိန္ၾကာလာတဲ့အခါ ယုံၾကည္မႈကို က်ဆင္းေစၿပီး ဆုံးျဖတ္ခ်က္ခ်ႏိုင္စြမ္းကို ထိခိုက္ေစပါတယ္။ဒီလိုေတြမျဖစ္ရေအာင္ စိ တ္ပိုင္းဆိုင္ရာ နယ္ပယ္ သတ္မွတ္ဖို႔ နည္းလမ္း (၅) သြယ္ကို မွ်ေဝေပးခ်င္ပါတယ္။
အျဖစ္မွန္ (Fact) နဲ႔ ေၾကာက္စိတ္ (Fear) ကို ခြဲျခားပါ
တစ္ခုခုျဖစ္လာရင္ “ငါဘာကိုသိတယ္၊ ငါဘာကို ခန႔္မွန္းေနလဲ” ဆိုတာကို ခြဲျခားပါ။
Fact – မန္ေနဂ်ာက စာတစ္ေၾကာင္းတည္းပဲ ျပန္ေရးလိုက္တယ္။
Fear – သူတို႔ ငါ့ကို စိတ္ပ်က္ေနတာ ျဖစ္ရမယ္။
ဒီလိုခြဲျခားတတ္ရင္ စိတ္လႈပ္ရွားမႈေတြ ေလ်ာ့က်သြားပါလိမ့္မယ္။
သူတို႔ရဲ႕ ေျပာဆိုဆက္ဆံပုံ (Communication Style) ကို နားလည္ေပးပါ
တခ်ိဳ႕ေခါင္းေဆာင္ေတြက တိုတိုတုတ္တုတ္ ေျပာတတ္တယ္၊ အလုပ္ကိစၥကိုပဲ အဓိကထားတတ္တယ္၊ ဒါမွမဟုတ္ စာေရးရင္ ေအးစက္စက္ျဖစ္တတ္ပါတယ္။ ဒါဟာ သူတို႔ရဲ႕ စ႐ိုက္ပဲျဖစ္ၿပီး သင့္အလုပ္အေပၚ အေကာင္း၊ အဆိုး သတ္မွတ္ခ်က္မဟုတ္ပါဘူး။ “ဒါက သူတို႔ရဲ႕ ေျပာပုံဆိုပုံပဲ၊ ငါ့အလုပ္မေကာင္းလို႔ မဟုတ္ဘူး” လို႔ reframe လုပ္ေပးပါ။
အခ်က္အလက္ (Data) ကိုပဲ အေျခခံပါ
စိတ္ကူးယဥ္ၿပီး ပူပန္ေနမယ့္အစား တကယ့္အခ်က္အလက္ေတြကိုပဲ ၾကည့္ပါ။ သတ္မွတ္ထားတဲ့ ပန္းတိုင္ (KPIs)၊ တရားဝင္ေပးတဲ့ Feedback ေတြကလြဲရင္ က်န္တာေတြကို အေလးမထားပါနဲ႔။ ဒါေတြကပဲ သင့္တိုးတက္မႈအတြက္ တကယ့္အရင္းအျမစ္ေတြပါ။
ခဏရပ္ၿပီး စိတ္ကို ေအးေအးထားပါ (ABCD နည္းလမ္း)
အေတြးေတြ လြန္လာတဲ့အခါ ဒီနည္းလမ္းကို သုံးပါ။
A (Awareness) – ကိုယ့္စိတ္ခံစားခ်က္ကို သတိထားမိေအာင္လုပ္ပါ။ “ငါက ဒီေမးလ္ကိုၾကည့္ၿပီး ငါ့ကို အလုပ္ျဖဳတ္ေတာ့မယ္လို႔ ထင္ေနတာပဲ” လို႔ နာမည္တပ္ပါ။
B (Breathing) – အသက္ကို ဝဝရႉပါ။ ဒါက သင့္ဦးေႏွာက္ကို တည္ၿငိမ္သြားေစပါတယ္။
C (Challenge) – ကိုယ့္အေတြးကို ျပန္ေမးခြန္းထုတ္ပါ။ “ငါ့မွာ အခ်က္အလက္အျပည့္အစုံမွ မရွိေသးတာ၊ သူလည္း အလုပ္ေတြရႈပ္ေနတာ ျဖစ္မွာပါ” လို႔ ေတြးေပးပါ။
D (Do something)- အလုပ္ကို ျပန္ကူးေျပာင္းပါ။ ကိုယ့္ရဲ႕ တာဝန္ေတြကိုပဲ ဆက္လုပ္ပါ။
ကိုယ္ထိန္းခ်ဳပ္ႏိုင္တဲ့အရာကိုပဲ အာ႐ုံစိုက္ပါ
သူမ်ားဘယ္လိုထင္မလဲဆိုတာကိုပဲ စိတ္ပူေနရင္ ကိုယ့္အလုပ္မွာ အာ႐ုံစိုက္ဖို႔ ခက္သြားပါလိမ့္မယ္။ “ဒီေန႔ ငါ ဘာလုပ္ရမလဲ”၊ “ဘယ္အလုပ္ကို ပိုေကာင္းေအာင္ လုပ္လို႔ရမလဲ” ဆိုတာကိုပဲ အာ႐ုံစိုက္ပါ။ ကိုယ္ထိန္းခ်ဳပ္ႏိုင္တဲ့ အလုပ္ေတြေပၚမွာပဲ အခ်ိန္ေပးလိုက္ရင္ စိတ္ဖိစီးမႈေတြ အလိုလို ေပ်ာက္သြားပါလိမ့္မယ္။စိတ္ပိုင္းဆိုင္ရာ နယ္ပယ္ သတ္မွတ္တယ္ဆိုတာ ဂ႐ုမစိုက္ေတာ့တာ မဟုတ္ပါဘူး။ ကိုယ့္စိတ္ကို ပိုၿပီး တည္ၿငိမ္ေအာင္ ထိန္းေက်ာင္းၿပီး၊ မလိုအပ္တဲ့ စိုးရိမ္စိတ္ေတြကို ဖယ္ရွားကာ အလုပ္မွာ ပိုၿပီး ထူးခြၽန္ေအာင္ လုပ္ေဆာင္ဖို႔ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply