အရင်တုန်းကတော့ အလုပ်တက်လမ်းဆိုတာ ရာထူးတိုးဖို့၊ တာဝန်ပိုယူဖို့ဆိုတဲ့ လှေကားထစ်အတိုင်း တက်သွားတာကို ပြောတာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး အမြင်တွေ ပြောင်းလာကြတယ်။ အလုပ်မှာ အရမ်းဖိအားများတာ၊ စိတ်ဓာတ်ကျစရာကောင်းတဲ့နေရာမှာ ရှိမနေချင်ကြတော့ဘဲ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးပြီး အလုပ်ပြောင်းတာ၊ ဒါမှမဟုတ် ရာထူးမတိုးချင်တော့တဲ့ “Job Dropping” ဆိုတဲ့ ခေတ်ရေစီးကြောင်းတွေ ဖြစ်လာတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်ရှာရတာ ပင်ပန်းလာတဲ့အခါ လူတွေက “Doomjobbing” ဆိုတဲ့ သံသရာထဲ ရောက်သွားတတ်ကြတယ်။ အဲဒါက ဘာလဲဆိုတော့… ကိုယ်လျှောက်လိုက်တဲ့အလုပ်တွေက ဘာမှထူးမလာမှန်း သိနေရဲ့သားနဲ့ “Easy Apply” တွေကို နှိပ်လိုက်၊ အကြောင်းပြန်မလာရင် စိတ်ဓာတ်ကျလိုက်နဲ့ အဆုံးမရှိတဲ့ အလုပ်ရှာခြင်း သံသရာထဲမှာ ပိတ်မိနေတာမျိုးပေါ့။ဒီတော့ ဒီအလေ့အကျင့်ဆိုးကနေ လွတ်မြောက်ပြီး အလုပ်ရှာတဲ့ခရီးကို ပိုထိရောက်အောင် လုပ်ဖို့အတွက် Forbes မဂ္ဂဇင်းမှာပါတဲ့ အကြံပေးချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။
အလုပ်ရှာတဲ့အခါ စံနှုန်းသတ်မှတ်ပါ
အလုပ်အားလုံးကို လျှောက်မနေပါနဲ့။ ကိုယ်တကယ်လုပ်ချင်တဲ့ ရာထူး၊ လစာ၊ အလုပ်လုပ်ရမယ့် ပုံစံတွေကို စည်းကမ်းသတ်မှတ်ထားပါ။ ကိုယ်နဲ့တကယ်ကိုက်ညီမယ့် ကုမ္ပဏီစာရင်းကို ကြိုပြင်ဆင်ပြီးမှ လျှောက်ပါ။ အကျင့်ပါလို့ လျှောက်နေတာမျိုးထက် ကိုယ်တကယ် လိုချင်တဲ့အလုပ်ကိုပဲ အာရုံစိုက်ပါ။
လျှောက်လွှာတိုင်းကို ဂရုစိုက်ပြင်ဆင်ပါ
Resume တစ်စောင်တည်းကိုပဲ နေရာတိုင်း ပို့နေတာမျိုး ရှောင်ပါ။ လျှောက်မယ့်အလုပ်ရဲ့ လိုအပ်ချက်နဲ့ ကိုယ့်အရည်အချင်း ဘယ်လိုကိုက်ညီလဲဆိုတာကို ပေါ်လွင်အောင် အနည်းငယ် ပြင်ရေးပေးပါ။ AI သုံးပြီး ရေးရင်လည်း နောက်ဆုံးမှာ ကိုယ်တိုင် ပြန်စစ်ဆေးဖို့ မမေ့ပါနဲ့။
ATS စနစ်နဲ့ ကိုက်ညီအောင် လုပ်ပါ
ကုမ္ပဏီကြီးတွေမှာ Resume တွေကို လူမကြည့်ခင် စက် (ATS) က အရင်စစ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ဆိုင်တဲ့ Keywords တွေ (ကျွမ်းကျင်မှုဆိုင်ရာ စကားလုံးတွေ) ကို Resume ထဲမှာ ထည့်ရေးပေးပါ။ Format ရှင်းရှင်းလင်းလင်းနဲ့ ရေးထားမှ စက်ကဖတ်ရ လွယ်ပြီး Recruiter လက်ထဲ ရောက်မှာပါ။
Job Alert ဖွင့်ထားပါ
အလုပ်ရှာတဲ့ Website တွေမှာ Job Alert ဖွင့်ထားရင် ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်အသစ်တင်တာနဲ့ အသိပေးချက် ရောက်လာမှာပါ။ ဒါဆိုရင် နောက်မကျဘဲ အရင်ဆုံး လျှောက်နိုင်ပြီး အခွင့်အရေး ပိုများမှာပါ။
ပြိုင်ဘက်တွေကို ကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့
အလုပ်လျှောက်တဲ့သူ အရမ်းများနေတာကို မြင်ရင် စိတ်မပူပါနဲ့။ အဲဒီထဲမှာ တကယ်စိတ်ဝင်စားလို့ လျှောက်တဲ့သူတွေထက် အလကားသက်သက် နှိပ်ထားတဲ့သူတွေ၊ အရည်အချင်း မမီတဲ့သူတွေ အများကြီးပါ။ သူတို့ကို ကြည့်ပြီး အားမငယ်ပါနဲ့၊ ကိုယ့်အလုပ်ကို စနစ်တကျ လုပ်ဖို့ပဲ အာရုံစိုက်ပါ။
အနှစ်ချုပ်ပြောရရင် “Doomjobbing” ဆိုတာ ရည်မှန်းချက်မရှိလို့ ဖြစ်တာမဟုတ်ဘူး။ အရမ်းဖိအားများတဲ့ ခေတ်ကြီးမှာ ကိုယ်လုပ်နေတဲ့အရာက တကယ်တိုး တက်မှုရှိရဲ့လားဆိုတာကို မသေချာဘဲ လုပ်မိနေတာပါ။ အလုပ်ရှာတဲ့အခါ “အလုပ်များနေဖို့” ထက် “ရည်ရွယ်ချက်ရှိရှိနဲ့ ထိရောက်အောင်လုပ်ဖို့” က ပိုအရေးကြီးပါတယ်။ အားလုံးပဲ ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်တွေကို ရရှိစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။
ကျော့ကေခိုင်
zawgyi
အရင္တုန္းကေတာ့ အလုပ္တက္လမ္းဆိုတာ ရာထူးတိုးဖို႔၊ တာဝန္ပိုယူဖို႔ဆိုတဲ့ ေလွကားထစ္အတိုင္း တက္သြားတာကို ေျပာတာေပါ့။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ အလုပ္အကိုင္ေတြနဲ႔ ပတ္သက္ၿပီး အျမင္ေတြ ေျပာင္းလာၾကတယ္။ အလုပ္မွာ အရမ္းဖိအားမ်ားတာ၊ စိတ္ဓာတ္က်စရာေကာင္းတဲ့ေနရာမွာ ရွိမေနခ်င္ၾကေတာ့ဘဲ ကိုယ့္ရဲ႕ စိတ္က်န္းမာေရးကို ဦးစားေပးၿပီး အလုပ္ေျပာင္းတာ၊ ဒါမွမဟုတ္ ရာထူးမတိုးခ်င္ေတာ့တဲ့ “Job Dropping” ဆိုတဲ့ ေခတ္ေရစီးေၾကာင္းေတြ ျဖစ္လာတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အလုပ္ရွာရတာ ပင္ပန္းလာတဲ့အခါ လူေတြက “Doomjobbing” ဆိုတဲ့ သံသရာထဲ ေရာက္သြားတတ္ၾကတယ္။ အဲဒါက ဘာလဲဆိုေတာ့… ကိုယ္ေလွ်ာက္လိုက္တဲ့အလုပ္ေတြက ဘာမွထူးမလာမွန္း သိေနရဲ႕သားနဲ႔ “Easy Apply” ေတြကို ႏွိပ္လိုက္၊ အေၾကာင္းျပန္မလာရင္ စိတ္ဓာတ္က်လိုက္နဲ႔ အဆုံးမရွိတဲ့ အလုပ္ရွာျခင္း သံသရာထဲမွာ ပိတ္မိေနတာမ်ိဳးေပါ့။ဒီေတာ့ ဒီအေလ့အက်င့္ဆိုးကေန လြတ္ေျမာက္ၿပီး အလုပ္ရွာတဲ့ခရီးကို ပိုထိေရာက္ေအာင္ လုပ္ဖို႔အတြက္ Forbes မဂၢဇင္းမွာပါတဲ့ အႀကံေပးခ်က္ (၅) ခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။
အလုပ္ရွာတဲ့အခါ စံႏႈန္းသတ္မွတ္ပါ
အလုပ္အားလုံးကို ေလွ်ာက္မေနပါနဲ႔။ ကိုယ္တကယ္လုပ္ခ်င္တဲ့ ရာထူး၊ လစာ၊ အလုပ္လုပ္ရမယ့္ ပုံစံေတြကို စည္းကမ္းသတ္မွတ္ထားပါ။ ကိုယ္နဲ႔တကယ္ကိုက္ညီမယ့္ ကုမၸဏီစာရင္းကို ႀကိဳျပင္ဆင္ၿပီးမွ ေလွ်ာက္ပါ။ အက်င့္ပါလို႔ ေလွ်ာက္ေနတာမ်ိဳးထက္ ကိုယ္တကယ္ လိုခ်င္တဲ့အလုပ္ကိုပဲ အာ႐ုံစိုက္ပါ။
ေလွ်ာက္လႊာတိုင္းကို ဂ႐ုစိုက္ျပင္ဆင္ပါ
Resume တစ္ေစာင္တည္းကိုပဲ ေနရာတိုင္း ပို႔ေနတာမ်ိဳး ေရွာင္ပါ။ ေလွ်ာက္မယ့္အလုပ္ရဲ႕ လိုအပ္ခ်က္နဲ႔ ကိုယ့္အရည္အခ်င္း ဘယ္လိုကိုက္ညီလဲဆိုတာကို ေပၚလြင္ေအာင္ အနည္းငယ္ ျပင္ေရးေပးပါ။ AI သုံးၿပီး ေရးရင္လည္း ေနာက္ဆုံးမွာ ကိုယ္တိုင္ ျပန္စစ္ေဆးဖို႔ မေမ့ပါနဲ႔။
ATS စနစ္နဲ႔ ကိုက္ညီေအာင္ လုပ္ပါ
ကုမၸဏီႀကီးေတြမွာ Resume ေတြကို လူမၾကည့္ခင္ စက္ (ATS) က အရင္စစ္ပါတယ္။ ဒါေၾကာင့္ အလုပ္နဲ႔ဆိုင္တဲ့ Keywords ေတြ (ကြၽမ္းက်င္မႈဆိုင္ရာ စကားလုံးေတြ) ကို Resume ထဲမွာ ထည့္ေရးေပးပါ။ Format ရွင္းရွင္းလင္းလင္းနဲ႔ ေရးထားမွ စက္ကဖတ္ရ လြယ္ၿပီး Recruiter လက္ထဲ ေရာက္မွာပါ။
Job Alert ဖြင့္ထားပါ
အလုပ္ရွာတဲ့ Website ေတြမွာ Job Alert ဖြင့္ထားရင္ ကိုယ္နဲ႔ကိုက္ညီတဲ့ အလုပ္အသစ္တင္တာနဲ႔ အသိေပးခ်က္ ေရာက္လာမွာပါ။ ဒါဆိုရင္ ေနာက္မက်ဘဲ အရင္ဆုံး ေလွ်ာက္ႏိုင္ၿပီး အခြင့္အေရး ပိုမ်ားမွာပါ။
ၿပိဳင္ဘက္ေတြကို ၾကည့္ၿပီး စိတ္ဓာတ္မက်ပါနဲ႔
အလုပ္ေလွ်ာက္တဲ့သူ အရမ္းမ်ားေနတာကို ျမင္ရင္ စိတ္မပူပါနဲ႔။ အဲဒီထဲမွာ တကယ္စိတ္ဝင္စားလို႔ ေလွ်ာက္တဲ့သူေတြထက္ အလကားသက္သက္ ႏွိပ္ထားတဲ့သူေတြ၊ အရည္အခ်င္း မမီတဲ့သူေတြ အမ်ားႀကီးပါ။ သူတို႔ကို ၾကည့္ၿပီး အားမငယ္ပါနဲ႔၊ ကိုယ့္အလုပ္ကို စနစ္တက် လုပ္ဖို႔ပဲ အာ႐ုံစိုက္ပါ။
အႏွစ္ခ်ဳပ္ေျပာရရင္ “Doomjobbing” ဆိုတာ ရည္မွန္းခ်က္မရွိလို႔ ျဖစ္တာမဟုတ္ဘူး။ အရမ္းဖိအားမ်ားတဲ့ ေခတ္ႀကီးမွာ ကိုယ္လုပ္ေနတဲ့အရာက တကယ္တိုး တက္မႈရွိရဲ႕လားဆိုတာကို မေသခ်ာဘဲ လုပ္မိေနတာပါ။ အလုပ္ရွာတဲ့အခါ “အလုပ္မ်ားေနဖို႔” ထက္ “ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ထိေရာက္ေအာင္လုပ္ဖို႔” က ပိုအေရးႀကီးပါတယ္။ အားလုံးပဲ ကိုယ္နဲ႔ကိုက္ညီတဲ့ အလုပ္ေတြကို ရရွိေစဖို႔ ဆႏၵျပဳလိုက္ရပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply