ကိုယ်လုပ်သမျှ ကိုယ့်ဆီ ပြန်လာမယ့် လုပ်ငန်းခွင် အလေ့အထ (၅) ခု
နောက်ဆုံးသတ်ရက် (Deadline) မတိုင်ခင်က ကိုယ်ကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကို ကိုယ်က မေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ဖော်ကိုင်ဖက်ကတော့ မမေ့ပါဘူး။ ကိုယ်ကတော့ နောက်ပြောင်စရာ စကားတစ်ခွန်းကို အန္တရာယ်မရှိဘူးလို့ တွေးပြီး ပြောလိုက်ပေမဲ့ အဲဒီစကားကို ခံလိုက်ရတဲ့သူကတော့ “ဒီလူဟာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာနိုင်ပါ့မလား” ဆိုပြီး တခြားသူတွေက မေးလာတဲ့အခါ အဲဒါကို ပြန်သတိရသွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုမူပြောဆိုပုံတွေဟာ ကိုယ့်ထက် အမြဲတမ်း တစ်လှမ်းစောပြီး ရောက်နှင့်နေတတ်ပြီး နောက်ဆုံးမှာတော့ ကိုယ့်ဆီကို ပြန်လည်ရောက်ရှိလာတတ်ပါတယ်။ ဒါကိုပဲ လုပ်ငန်းခွင် ဝဋ်လည်တာလို့ သတ်မှတ်ပါတယ်။
“လုပ်ငန်းခွင် ဝဋ်လည်တယ် ” ဆိုတာ တကယ်တော့ ဘာလဲ
ဒါကို “လုပ်ငန်းခွင် ဝဋ်” လို့ပဲ ခေါ်ကြပါစို့။ ကိုယ်ပြုမူလိုက်သမျှ အရာမှန်သမျှဟာ နာမည်ဂုဏ်သတင်း၊ ဆက်ဆံရေးနဲ့ လူတွေက ကိုယ့်ကို ပေးအပ်မယ့် သို့မဟုတ်ပိတ်ပင်မယ့် အခွင့်အလမ်းတွေကနေတဆင့်Boomerang လိုမျိုး ကိုယ့်ဆီကို ပြန်လှည့်လာတတ်ပါတယ်။ ဒါက ရက်ရောတဲ့ ဝန်ထမ်းတိုင်း ရာထူးတိုးတယ်လို့ ဆိုလိုတာမဟုတ်သလို၊ အဆိပ်အတောက်ဖြစ်စေတဲ့ သူဌေးတိုင်းလည်း ထင်ရှားပေါ်ထွက်လာမယ်လို့ မဆိုလိုပါဘူး။ လုပ်ငန်းခွင်ဆိုတာ အပြည့်အဝ တရားမျှတလှတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ နေ့စဉ်အပြုအမူတွေက ကိုယ်အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်နဲ့ တခြားသူတွေ ကိုယ့်အပေါ် သတ်မှတ်ထားတဲ့ အမြင်တွေကို ဖန်တီးပေးဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ဒီနေရာမှာ “ဝဋ်” ဆိုတာ ဝိညာဉ်ရေးရာ ဓလေ့ထုံးစံတွေ၊ စကြဝဠာရဲ့ တရားမျှတမှုစတဲ့ သဘောတရားတွေထက် ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုကို တင်စားထားတာပဲ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ယန္တရားတွေကတော့ အပြန်အလှန် ကျေးဇူးဆပ်တတ်မှု၊ ယုံကြည်မှု၊လူမှုရေးအရ သင်ယူမှုနဲ့ နာမည်ဂုဏ်သတင်းတို့ပဲ ဖြစ်ပါတယ်။
အသင်းအဖွဲ့ကို ထိခိုက်စေတဲ့ နည်းလမ်းများနဲ့ အောင်မြင်မှုရှာတာ
အလုပ်ခွင်မှာ တချို့သူတွေက ကိုယ်တစ်ယောက်တည်း နာမည်ထွက်ဖို့၊ နေရာရဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေကို ကျော်တက်သွားဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ အကြံဉာဏ်တွေကို ခိုးယူဖို့ ဝန်မလေးကြပါဘူး။ တစ်ခါတလေ ဒါဟာ ရေတိုမှာ ကိုယ့်အတွက် အသာစီးရသွားစေနိုင်ပါတယ်။
ဒါပေမဲ့ ရေရှည်မှာတော့ ဒါက ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ပျက်စီးစေပါတယ်။ လူတွေက ကိုယ့်ကို ယုံကြည်လို့မရတော့ဘူးဆိုတာ သတိထားမိလာတဲ့အခါ ဘယ်သူမှ ကိုယ်နဲ့ အတူတူ လက်တွဲပြီး အလုပ်လုပ်ချင်တော့မှာ မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ တစ်ယောက်တည်း ရယူလို့ရတာ မဟုတ်ဘဲ အသင်းအဖွဲ့နဲ့ တည်ဆောက်ရတာဖြစ်လို့ ဒီအကျင့်က နောက်ဆုံးမှာ ကိုယ့်ခြေထောက် ကိုယ်ပြန်ခုတ်သလို ဖြစ်သွားပါလိမ့်မယ်။
အသိအမှတ်ပြုမှုနဲ့ ကျေးဇူးတင်မှုကို လက်ခံပေးရန် ဝန်လေးခြင်း
အလုပ်တစ်ခု အောင်မြင်သွားတဲ့အခါ အဲဒီအောင်မြင်မှုနောက်ကွယ်က ပါဝင်ကူညီပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ထားလိုက်တာ၊ ကိုယ်တစ်ယောက်တည်း အကုန်လုပ်ခဲ့သလို ပုံဖော်တာမျိုးတွေ လုပ်တတ်ကြပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ အမြဲတမ်း ကိုယ်တစ်ယောက်တည်း နာမည်ယူနေမယ်ဆိုရင် အသင်းသားတွေရဲ့ စိတ်ဓာတ်ကျဆင်းလာမှာဖြစ်ပြီး အခက်အခဲကြုံလာတဲ့အခါ ဘယ်သူကမှ ကိုယ့်ဘက်ကနေ ဝိုင်းဝန်းကူညီပေးတော့မှာ မဟုတ်ပါဘူး။
အမှားကို တာဝန်ယူရန် ငြင်းဆန်ခြင်း
အလုပ်မှာ ပြဿနာတစ်ခုခု တက်လာပြီ၊ အမှားတစ်ခု ဖြစ်သွားပြီဆိုရင် ကိုယ့်အမှားဖြစ်ပါလျက်နဲ့ တခြားသူတွေဆီ ပုံချတာ၊ အပြစ်တင်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါဟာ အဲဒီအချိန်မှာတော့ အပြစ်ကနေ လွတ်သွားနိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဘယ်သူက တာဝန်ယူတတ်ပြီး ဘယ်သူက တာဝန်ရှောင်တတ်လဲဆိုတာကို ရုံးတွင်းက လူတိုင်း သိသွားကြပါလိမ့်မယ်။
ဒီလိုလုပ်ရပ်က ကိုယ့်အပေါ်ထားရှိတဲ့ ယုံကြည်မှုကို တိုက်စားပစ်လိုက်တာပါပဲ။ နောက်တစ်ကြိမ်မှာ အမှားလုပ်မိရင် ဘယ်သူကမှ ကိုယ့်ကို ကာကွယ်ပေးချင်တော့မှာ မဟုတ်ပါတော့ဘူး။
အဆိပ်အတောက်ဖြစ်စေသော ကောလာဟလများနဲ့ မကောင်းပြောဆိုခြင်း
ရုံးတွင်းမှာ ကောလာဟလတွေ ဖြန့်တာ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကွယ်ရာမှာ မကောင်းပြောတာတွေဟာ အလုပ်ခွင်ရဲ့ စိတ်ဓာတ်ရေးရာကို အဆိပ်သင့်စေတဲ့ အဓိက အကြောင်းရင်းပါပဲ။ ပျော်စရာကောင်းတဲ့ စကားစမြည်ပြောတာနဲ့ တစ်ပါးသူကို ထိခိုက်စေတဲ့ ကောလာဟလပြောတာဟာ လုံးဝ မတူပါဘူး။
ဒီလို အလေ့အထရှိတဲ့သူတွေကို လူတွေက သတိထားလာကြပြီး တဖြည်းဖြည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေ၊ ဆွေးနွေးပွဲတွေကနေ ဖယ်ရှားထားတတ်ကြပါတယ်။ “သူများအကြောင်း ပြောတဲ့သူဟာ ကိုယ့်အကြောင်းလည်း ပြောမှာပဲ” ဆိုတဲ့ ယုံကြည်ချက်က လုပ်ငန်းခွင်မှာ အမြဲတမ်း အလုပ်ဖြစ်နေတတ်ပါတယ်။
အခြားသူများရဲ့ အခက်အခဲကို လျစ်လျူရှုတာ
ကိုယ့်အလုပ်တွေ ပြီးသွားပြီဆိုတာနဲ့ တခြားသူတွေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အကူအညီတောင်းလာရင် မျက်ကွယ်ပြုတာ၊ “ကိုယ့်အလုပ်မှ မဟုတ်တာ” ဆိုပြီး လက်ရှောင်တာမျိုးတွေ လုပ်တတ်ပါတယ်။
အလုပ်ခွင်ဆိုတာ အပြန်အလှန် အကူအညီပေးရတဲ့ နေရာတစ်ခုပါ။ ကိုယ်က တခြားသူတွေ အခက်အခဲကြုံချိန်မှာ လက်တွဲကူညီခဲ့ဖူးမယ်ဆိုရင် ကိုယ်ကိုယ်တိုင် အကြပ်အတည်းနဲ့ ကြုံလာရတဲ့အခါ ဝိုင်းဝန်းကူညီပေးမယ့်သူတွေ ရှိနေမှာပါ။ ဆန့်ကျင်ဘက်အနေနဲ့ အမြဲတမ်း လက်ရှောင်နေတတ်မယ်ဆိုရင် ကိုယ်တယ်တိုင် ဒုက္ခရောက်တဲ့အခါ ဘယ်သူ့ဆီကမှ အကူအညီ ရနိုင်တော့မှာ မဟုတ်ပါဘူး။
လုပ်ငန်းခွင်မှာ လုပ်သလောက် ပြန်ရတယ်ဆိုတာ သဘာဝတရားပါပဲ။ ကောင်းတာလုပ်ရင် ကောင်းတာ၊ ဆိုးတာလုပ်ရင် ဆိုးတာ ပြန်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ် အပြုအမူ၊ ပြောဆိုဆက်ဆံပုံတွေကို သတိထားဆင်ခြင်ခြင်းက ရေရှည်မှာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလမ်းကြောင်းကို အကောင်းဆုံး အကာအကွယ်ပေးမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
Ref: Workplace Karma’: 5 Career Habits That Boomerang Back To You
Leave a Reply