အလုပ်ကို ဟိုးလေးတကျော် လုပ်ပြတာက ရာထူးတက်စေနိုင်ပေမဲ့ ဘာတွေ ဆုံးရှုံးနိုင်မလဲ
ကိုယ့်ရဲ့ အောင်မြင်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြသတဲ့ “Loud Working” ဆိုတာဟာ အခုနောက်ပိုင်း လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေ အာရုံစိုက်ခံရဖို့အတွက် ရေပန်းစားလာတဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ အစည်းအဝေးတွေမှာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ကြေညာတာကစလို့ ရုံးတွင်း ဆက်သွယ်ရေး ပလပ်ဖောင်းတွေမှာ အလုပ်ပြီးမြောက်မှု အပ်ဒိတ်တွေကို မကြာခဏ မျှဝေတာအထိ ပရော်ဖက်ရှင်နယ်တွေဟာ ကိုယ့်ရဲ့ လုပ်အားကို တခြားသူတွေ မြင်သာလာအောင် နည်းလမ်းမျိုးစုံ ရှာဖွေနေကြပါတယ်။ တစ်ချို့အတွက်တော့ ဒီကြိုးစားမှုဟာ အရာထင်လာပါပြီ။
သုတေသန အသစ်တစ်ခုအရ ကိုယ့်ရဲ့ အလုပ်ကို တက်ကြွစွာ ထုတ်ဖော်ပြသတဲ့ ဝန်ထမ်းတွေဟာ လစာတိုးတာ၊ ရာထူးတက်တာနဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလို အပြုအမူမျိုးကပဲ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပျက်စေပြီး၊ တကယ့် ရလဒ်ကောင်းတွေ ထုတ်ပြနိုင်တာထက် လူရှေ့သူရှေ့မှာ ကုန်ထုတ်စွမ်းအား ရှိဟန်ဆောင်ပြနိုင်တာက ပိုအရေးကြီးသလို ဖြစ်နေတဲ့ ယဉ်ကျေးမှုမျိုးကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့ ဝန်ထမ်းတွေဆိုရင် ဒါကြောင့်ပဲ အလုပ်ထွက်ဖို့တောင် စဉ်းစားလာကြပါပြီ။
၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ Tide ရဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်နိုင်ငံက ဝန်ထမ်း ၄ ယောက်မှာ ၁ ယောက်ကျော်ဟာ ဒီလို Loud Working ယဉ်ကျေးမှုကြောင့် အလုပ်ထွက်ဖို့ စဉ်းစားဖူးတာ ဒါမှမဟုတ်တကယ်ကို အလုပ်ထွက်ခဲ့ကြတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီတွေ့ရှိချက်က ပရော်ဖက်ရှင်နယ်တွေအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ပေါ်ပေါက်လာစေပါတယ်။
ကိုယ်လုပ်တဲ့အလုပ်ကို လူသိအောင် လုပ်ပြတာ ဘယ်အချိန်မှာ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု (Counterproductive) ဖြစ်လာတတ်လဲ။
အလုပ်တွင်ကျယ်မှုကို လူသိရှင်ကြား ဖော်ပြခြင်းက ဘယ်လို အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ
အလုပ်ခွင်မှာ ကိုယ်လုပ်ထားတဲ့ လုပ်ဆောင်ချက်တွေကို အများသိအောင် ထုတ်ပြခြင်း (Loud Working) ဟာ ကိုယ့်ရဲ့ တန်ဖိုးကို ပေါ်လွင်စေပါတယ်။ တချို့သော ဝန်ထမ်းတွေအနေနဲ့ ကိုယ်တိတ်တဆိတ် ကြိုးစားနေတာကို မန်နေဂျာတွေနဲ့ အထက်လူကြီးတွေက မသိလိုက်ဘဲ ဖြစ်နေတတ်တာမျိုးကို ကာကွယ်ပေးပါတယ်။
ကိုယ့်ရဲ့ အောင်မြင်မှုတွေ၊ ပြီးမြောက်သွားတဲ့ ပရောဂျက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေကို ပွင့်လင်းမြင်သာစွာ ချပြခြင်းအားဖြင့် အထက်လူကြီးတွေရဲ့ အာရုံစိုက်မှုကို ရရှိစေပြီး ရာထူးတိုးဖို့၊ လစာတိုးဖို့နဲ့ အခွင့်အလမ်းကောင်းတွေ ရရှိဖို့အတွက် အခွင့်အလမ်း ပိုများလာစေပါတယ်။ အထူးသဖြင့် အဝေးကနေ အလုပ်လုပ်ရတဲ့ Remote Work ခေတ်မှာ ကိုယ်ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာကို လူသိရှင်ကြား အသိပေးဖို့ ပိုပြီး လိုအပ်လာပါတယ်။
အခြားတစ်ဖက်မှာ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဘာတွေ သက်ရောက်မှုရှိလဲ
အလုပ်ကို ဒီလို ပုံစံမျိုးနဲ့ အမြဲတမ်း ဟိုးလေးတကျော် လုပ်ပြနေတာဟာ အတူလက်တွဲ လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာနိုင်ပါတယ်။ တချို့သူတွေက တိတ်တဆိတ်နဲ့ တာဝန်ကျေပွန်စွာ လုပ်ကိုင်ရတာကို ပိုနှစ်သက်ကြပြီး၊ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ထ ထောင်လွှားကြွားဝါနေတဲ့ ပုံစံမျိုးကို မနှစ်မြို့ကြပါဘူး။
ဒါဟာ အဖွဲ့အစည်းအတွင်း မကျေနပ်ချက်တွေနဲ့ ယှဉ်ပြိုင်လိုစိတ် (Toxic Competition) တွေကို ဖြစ်ပေါ်စေနိုင်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှုကို ထိခိုက်စေပါတယ်။ တကယ့် တကယ် အလုပ်လုပ်တဲ့သူတွေထက် လူရှေ့သူရှေ့မှာ ဟန်ဆောင်ကောင်းပြီး ပြောရေးဆိုခွင့်ရှိတဲ့သူတွေက ပိုပြီး နေရာရသွားသလို ခံစားရတဲ့အခါ ကျန်တဲ့ ဝန်ထမ်းတွေမှာ စိတ်ဓာတ်ကျဆင်းလာပြီး အလုပ်ထွက်ချင်စိတ်တွေ ပေါ်လာရတာ ဖြစ်ပါတယ်။
ဘယ်လို ချိန်ခွင်လျှာ ညှိရမလဲ
ကိုယ့်ရဲ့ အလုပ်ကြိုးစားမှုကို ဖော်ပြဖို့ လိုအပ်သလို၊ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားမှုရှိဖို့လည်း အရေးကြီးပါတယ်။ Loud Working လုပ်တဲ့အခါ ဒီအချက်တွေကို ဆင်ခြင်သင့်ပါတယ်။ ကိုယ့်အောင်မြင်မှုထက် အသင်းအဖွဲ့ရဲ့ အောင်မြင်မှုကိုပါ ထည့်ပြောပါ။ “ငါလုပ်နိုင်တယ်” ဆိုတာထက် “ငါတို့အဖွဲ့ အတူတူ လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ဖော်ပြပါ။ စကားနဲ့တင်မကဘဲ လက်တွေ့ရလဒ်နဲ့ သက်သေပြပါ။ အမြဲတမ်း ကြွားဝါနေမယ့်အစား တကယ့် တန်ဖိုးရှိတဲ့ ရလဒ်ကောင်းတွေကိုပါ ပုံမှန်ချပြပါ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးစားမှုကိုလည်း အသိအမှတ်ပြုပါ။ တခြားသူတွေရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်စကားဆိုခြင်းဖြင့် အလုပ်ခွင်မှာ ကျန်းမာတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။
အလုပ်ခွင်မှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုကို လူသိအောင် လုပ်ပြတာ (Loud Working) ဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းအတွက် အထောက်အကူ ဖြစ်စေနိုင်ပေမဲ့၊ အစွန်းရောက်သွားမယ်ဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ပျက်မှုကို ခံရနိုင်ပြီး ရေရှည်မှာ ကိုယ့်နာမည်ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အလုပ်ကို တန်ဖိုးရှိရှိနဲ့ ပွင့်လင်းမြင်သာစွာ ချပြတတ်ဖို့နဲ့ အသင်းအဖွဲ့နဲ့ အတူတကွ ရပ်တည်နိုင်ဖို့ ချိန်ခွင်လျှာ ညီမျှအောင် လုပ်ဆောင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။
Source: Forbes
Leave a Reply