ဒေါသထွက်ပြီး အလုပ်လျှောက်တာကို ဘယ်လိုဖြေရှင်းမလဲ
“Rage applying” ဆိုတာ လက်ရှိအလုပ်ပေါ် စိတ်ပျက်ဒေါသထွက်လာတဲ့ ဝန်ထမ်းတွေကြားမှာ ခေတ်စားလာတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါကို ရှောင်လွှဲနိုင်ဖို့ ဘာတွေလိုအပ်မလဲ။
ဒီဖြစ်စဉ်ဟာ ဝန်ထမ်းတင်မကဘဲ ကုမ္ပဏီအဖွဲ့အစည်းတွေကိုပါ ရိုက်ခတ်မှု ရှိတာမို့ နှစ်ဖက်လုံးက ပူးပေါင်းကာကွယ်ဖို့ လိုပါတယ်။
မကြာသေးမီကအထိတော့ လူတစ်ယောက် အလုပ်သစ်ရှာတယ်ဆိုတာ အလုပ်ဖြုတ်ခံရလို့၊ ကုမ္ပဏီအခြေအနေ မကောင်းလို့ ဒါမှမဟုတ် ရာထူးတိုးဖို့ လမ်းမမြင်လို့ဆိုတဲ့ အကြောင်းရင်းတွေကြောင့်ပါ။
♦️Rage applying ဆိုတာ ဘာလဲ
ဒါပေမဲ့ လတ်တလောမှာတော့ ဝန်ထမ်းတွေ အလုပ်သစ်ရှာရတဲ့ အကြောင်းရင်း ပြောင်းလဲလာတာကို ပြသနေတဲ့ အသုံးအနှုန်းသစ်တစ်ခု ခေတ်စားလာပါတယ်။ အဲဒါကတော့ “rage applying” ပါပဲ။
ဒါဟာ TikTok သုံးသူတစ်ယောက်က လက်ရှိအလုပ်ကို စိတ်ကုန်လွန်းလို့ အလုပ် ၁၅ ခုကို ဇာတ်တိုက်လျှောက်လိုက်ရာကနေ လစာပိုကောင်း၊ အခြေအနေပိုသာတဲ့ အလုပ်သစ်ရသွားကြောင်း ဗီဒီယိုတင်ခဲ့ရာကစပြီး လူသိများလာတာပါ။
အဲဒီနောက်ပိုင်းမှာ စိတ်ဖိစီးမှုနဲ့ အလုပ်ပင်ပန်းနွမ်းနယ်မှု (Burnout) တို့နဲ့ ဆက်စပ်နေတဲ့ ဒီဖြစ်စဉ်ကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ Rage applying ဆိုတာ ဝန်ထမ်းတွေဟာ လက်ရှိအလုပ်အပေါ် စိတ်ပျက် ဒေါသထွက်လာတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ မဆင်မခြင် အလုပ်လျှောက်လွှာတွေ လိုက်ပို့တော့တာကို ခေါ်တာပါ။ အများအားဖြင့် မိမိနဲ့ အရည်အချင်း ကိုက်ညီမှု ရှိမရှိကိုတောင် မကြည့်တော့ဘဲ ဒီအလုပ်ကနေ ထွက်ရရင် ပြီးရောဆိုပြီး ကုမ္ပဏီစုံ၊ ရာထူးစုံကို လျှောက်လွှာတွေ ပို့တတ်ကြပါတယ်။
♦️နှစ်ဦးစလုံးအတွက် ထိခိုက်စေတဲ့ Rage applying
ဒီလို စိတ်လိုက်မာန်ပါ လုပ်ရပ်ဟာ ဝန်ထမ်းရော ကုမ္ပဏီကိုပါ ထိခိုက်စေပါတယ်။ လျှောက်ထားသူဘက်မှာ အရည်အချင်းမမှီတဲ့ အလုပ်တွေကိုပါ လျှောက်ထားမိတဲ့အတွက် ငြင်းပယ်ခံရနိုင်ခြေ များပြီး စိတ်ဓာတ်ကျစရာ၊ ဒေါသထွက်စရာတွေ ပိုတိုးလာစေပါတယ်။
HR ဌာနတွေအတွက်ကျတော့ လျှောက်လွှာတွေ ပုံဩကျလာတဲ့အတွက် လူရွေးချယ်ရတာ အချိန်ပိုကုန်ပြီး လုပ်ငန်းစဉ်တွေ နှောင့်နှေးသွားရပါတယ်။
♦️Rage applying ကို ဘယ်လိုဖြေရှင်းမလဲ
ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ ကမ်းလှမ်းချက်တွေကို စိတ်တိုင်းမကျလို့ တခြားအလုပ်ပြောင်းချင်ကြတာဖြစ်လို့၊ အထူးသဖြင့် ဝန်ထမ်းကောင်းတွေ ထိန်းသိမ်းဖို့ အရေးကြီးနေတဲ့ ဒီနေ့ခေတ်မှာ ကုမ္ပဏီတွေဘက်က ဂရုစိုက်ဖို့ လိုပါတယ်။ စာရင်းအင်းတွေအရ ဝန်ထမ်း ၆၄ရာခိုင်နှုန်းမက လုပ်ငန်းခွင်မှာ အတွေ့အကြုံဆိုးနဲ့ ကြုံရပြီးတဲ့နောက် ရမ်းသန်းပြီး အလုပ်လျှောက်ဖူးကြတယ်လို့ ဆိုပါတယ်။ အဓိက အကြောင်းရင်းတွေကတော့ အလုပ်ဝန်ပိခြင်း၊ အခွင့်အရေး မတူညီခြင်း၊ လစာတိုးပေးမယ်ဆိုပြီး မတိုးပေးခြင်းနဲ့ အခြား ခွင့်ရက်အ၊ကျိုးခံစားခွင့် မရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဒီပြဿနာကို ရှောင်ရှားဖို့ ဝန်ထမ်းတွေဘက်ကလည်း အလုပ်မလျှောက်ခင် သေချာ စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ မိမိရဲ့ ကျွမ်းကျင်မှုနဲ့ အလုပ်က တောင်းဆိုထားတဲ့ အရည်အချင်း ကိုက်ညီရဲ့လားဆိုတာကို စေတနာထားပြီး အရင်စစ်ဆေးသင့်ပါတယ်။
♦️ကုမ္ပဏီတွေဘက်က တုံ့ပြန်ဆောင်ရွက်ရမယ့် နည်းလမ်းများ
ကုမ္ပဏီတွေဘက်ကတော့ ရှင်းလင်းပြတ်သားတဲ့ ဖွဲ့စည်းပုံစနစ် ထားရှိပေးခြင်း၊ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ အလုပ်-မိသားစု မျှတမှုကို ဂရုစိုက်ပေးခြင်းတို့ဖြင့် တုံ့ပြန်နိုင်ပါတယ်။
ဒါ့အပြင် အလုပ်ခေါ်ယူတဲ့အခါ လိုအပ်တဲ့ အရည်အချင်း၊ လုပ်ရမယ့် တာဝန်၊ ရာထူးတိုးနိုင်ခြေနဲ့ လစာ စတဲ့ အချက်အလက်တွေကို အတိအကျ ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရပါမယ်။ ဒါမှသာ လျှောက်ထားသူတွေဘက်က သေချာ ရွေးချယ်လျှောက်ထားနိုင်မှာဖြစ်ပြီး HR ဌာနဘက်မှာလည်း ကိုက်ညီမှုရှိတဲ့ လျှောက်လွှာအနည်းငယ်ကိုပဲ စိစစ်ရတော့မှာ ဖြစ်တာကြောင့် အလုပ်ဝန်ပေါ့သွားပါလိမ့်မယ်။
Ref: aggity
Leave a Reply