ကိုယ့်ကို အသံတိတ် အလုပ်ထုတ်တော့မယ်ဆိုတာ သိနိုင်မယ့် လက္ခဏာ (၄) ခု

အလုပ်ခွင်အချို့ဟာ အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက် (toxic) ဖြစ်လာတတ်ပြီး သင်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီအခါ “ဆက်နေမလား ဒါမှမဟုတ် ထွက်မလား”ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မကြာခဏမေးတတ်လာပါတယ်။ အလုပ်ခွင်မှာ အဆိပ်အတောက်ဖြစ်တဲ့အခါ ဝန်ထမ်းတွေရဲ့ လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုကို ပျက်စီးစေပြီး အထောက်အပံ့ ကင်းမဲ့မှုကြောင့် စိတ်ဓာတ်ကျဆင်းစေတဲ့အပြင် အဆိုးမြင်စိတ်တွေ ပြန့်နှံ့လာကာ burnout နဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့ကို ပံ့ပိုးပေးနေတယ်လို့ မခံစားရတဲ့အခါ သူတို့ရဲ့ အလုပ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ခွာပြဲသွားကြပါတယ်။

တချို့လူတွေကတော့ အလုပ်ကနေ အထုတ်ခံရဖို့ (ထွက်လိုက်တာထက်စာရင်) တတ်နိုင်သမျှ ကြိုးစားတတ်ကြပေမယ့်၊ တစ်ခါတစ်ရံမှာ မန်နေဂျာတွေက သင့်ကို အတင်းအကျပ် ထွက်သွားခိုင်းတဲ့ နည်းလမ်းမျိုးကို အသုံးပြုတတ်ပါတယ်။ ဒါကို “Quiet Firing” အသံတိတ် အလုပ်ထုတ်ခြင်း လို့ ခေါ်ပါတယ်။ သင့်ကို တကယ့်တကယ် အလုပ်ထုတ်လိုက်တဲ့အခါ ကြုံတွေ့ရမယ့် ငွေကြေးဆိုင်ရာနဲ့ ဥပဒေကြောင်းအရ နစ်နာကြေးပေးရမယ့် ကိစ္စတွေကို သူတို့ဘက်က မရင်ဆိုင်ချင်တဲ့အတွက် သင့်ဘာသာသင် ဆန္ဒအလျောက် ထွက်သွားအောင် ရန်လိုတဲ့ ပတ်ဝန်းကျင်တစ်ခုကို တမင်တကာ ဖန်တီးလိုက်တာပါ။

လေ့လာမှုတစ်ခုအရ အသံတိတ် အလုပ်ထုတ်ခြင်း (Quiet firing) နဲ့ အသံတိတ် အလုပ်နားခြင်း (Quiet quitting တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေပြီး အပြန်အ လှန် စိတ်ပျက်စရာ သံသရာတစ်ခုလို လည်ပတ်နေတာ ဖြစ်ပါတယ်။ ဘယ်အပြုအမူက အရင်စသလဲဆိုတာကို ဆုံးဖြတ်ဖို့ ခက်ခဲပေမယ့်၊ နှစ်ခုလုံးဟာ အလုပ်ခွင်အတွင်း ယုံကြည်မှု ပျက်ပြားခြင်းကနေ မြစ်ဖျားခံလာတာဖြစ်ပြီး နှစ်ဖက်စလုံးအတွက် ကုန်ကျစရိတ်တွေ များပြားစေနိုင်ပါတယ်။

သင် “Quiet Fired” လုပ်ခံနေရပြီဆိုတာကို ပြသနေတဲ့ လက္ခဏာ ၄ ခုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သင့်မန်နေဂျာဆီကနေ အဆိုးမြင်တဲ့ ဝေဖန်မှုတွေကိုပဲ ရရှိနေခြင်း

မန်နေဂျာတစ်ယောက်က သင့်ကို အသံတိတ် အလုပ်ထုတ်ဖို့ ကြိုးစားတဲ့အခါ၊ သူတို့ဟာ တိုးတက်ဖို့အတွက် အပြုသဘောဆောင်တဲ့ ဝေဖန်မှု (constructive criticism) အစား အဆိုးမြင်တဲ့ ဝေဖန်မှုတွေကိုပဲ ပေးပါလိမ့်မယ်။ သူတို့ရဲ့ ဝေဖန်မှုတွေကို ထောက်ပြဖို့ ဥပမာတွေပေးဖို့ကိုလည်း ငြင်းဆန်တတ်ကြပြီး ဒါဟာ သင့်ကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ မသိဘဲ လမ်းပျောက်နေသလို ခံစားရစေပါတယ်။ ဒါဟာ Quiet Firing ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါပဲ။ လုံလောက်တဲ့ သင် တန်းပေးမှု ဒါမှမဟုတ် လမ်းညွှန်မှု မပေးတဲ့အခါ ဝန်ထမ်းတွေဟာ သူတို့ကို အထောက်အပံ့မပေးဘူး၊ တန်ဖိုးမထားဘူးလို့ ခံစားရပြီး နောက်ဆုံးမှာ အလုပ်ထွက်သွားကြပါတယ်။
TikTok မှာ “Your Career Bestie” လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုတဲ့ Sam DeMase က ရှင်းပြရာမှာ – အလုပ်ရှင်တွေဟာ အလုပ်ထုတ်ရင် ပေးရမယ့် နစ်နာကြေး ဒါမှမဟုတ် အလုပ်လက်မဲ့ ခံစားခွင့်တွေကို မပေးချင်တဲ့အတွက် ဒီနည်းလမ်းကို သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသံတိတ် အလုပ်ထုတ်ခံရတဲ့ အခြေအနေမှာ ရှိနေရင်တောင် အလုပ်မှာနေရတာ ဘယ်လောက်ပဲ နာကျင်စရာကောင်းနေပါစေ အလုပ်ချက်ချင်းမထွက်ဖို့ သူမက အကြံပြုထားပါတယ်။

အရေးကြီးတဲ့ ပရောဂျက်နဲ့ အစည်းအဝေးတွေမှာ ချန်လှပ်ခံရခြင်း

တကယ်လို့ သင်ဟာ အသံတိတ် အလုပ်ထုတ်ခံရတော့မယ်ဆိုရင်၊ အထက်လူကြီးတွေက သင့်ကို အလုပ်ခွင်ထဲမှာ ဖြစ်ပျက်နေတာတွေကနေ စတင် ဖယ်ထုတ်ပါလိမ့်မယ်။ ဆိုလိုတာက သင်ဟာ အစည်းအဝေး ဖိတ်ကြားချက်တွေ မရတော့တာ၊ ဝန်ထမ်းအချင်းချင်းကြား ပို့တဲ့ Email တွေထဲမှာ ချန်လှပ်ခံရတာ၊ နောက်ဆုံး မန်နေဂျာနဲ့ တစ်ဦးချင်း တွေ့ဆုံဆွေးနွေးမှုတွေကိုတောင် ပယ်ဖျက်လိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သင့်ကို အဆက်အသွယ် ဖြတ်ထားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သင့်ကို အထီးကျန်သလို ခံစားရအောင်၊ သင့်ရဲ့ အလုပ်နဲ့ ကြိုးစားအားထုတ်မှုတွေက တန်ဖိုးမရှိသလို ဖြစ်အောင် လုပ်ဆောင်တာပါ။ ဒါမှ မန်နေဂျာဘက်က တိုက်ရိုက် အလုပ် ထုတ်စရာ မလိုဘဲ သင်ဘာသာသင် ထွက်သွားမှာ ဖြစ်ပါတယ်။

သင့်မန်နေဂျာက သင့်ကို ရှောင်ဖယ်နေခြင်း

တကယ်လို့ သင်က ဘာကြောင့် ဒီလို ဖယ်ထုတ်ခံနေရတာလဲဆိုတာကို သိဖို့ အထက်လူကြီးတွေကို စကားပြောဖို့ ကြိုးစားရင်တောင်၊ သူတို့ဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်မယူချင်တဲ့အတွက် စကားလမ်းကြောင်း လွှဲတာမျိုးကို ဘယ်လိုနည်းနဲ့မဆို လုပ်ပါလိမ့်မယ်။လေ့လာမှုတစ်ခုအရ မန်နေဂျာတွေက ယဉ်ကျေးမှုမရှိတဲ့အခါ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်အကိုင် လုံခြုံမှုအတွက် စိုးရိမ်လာတတ်ပေမယ့် ဒီလို ရိုင်းစိုင်းမှုတွေက ဝန်ထမ်းတွေကို အလုပ်ကနေ ချက်ချင်း လက်တွန့်သွားအောင်တော့ မလုပ်နိုင်ပါဘူး။ သုတေသနက ဆက်လက်ဖော်ပြရာမှာ ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (EQ) ဟာ ဒီနေရာမှာ အရမ်းတန်ဖိုးရှိပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုကို ပိုမို ထိန်းချုပ်နိုင်တဲ့သူတွေဟာ အထက်လူကြီးရဲ့ ဆိုးရွားတဲ့ အပြုအမူတွေကြောင့် အလုပ်မှာ စိုးရိမ်စိတ်ရှိနေရင်တောင် အလုပ်အပေါ် စိတ်ပျက်ပြီး လက်လွှတ်လိုက်ဖို့ အလားအလာ နည်းပါတယ်။

အလုပ်မှာ လုပ်ဆောင်သမျှ အရာအားလုံးကို မှတ်တမ်းတင်ခိုင်းခြင်း

သင့်မန်နေဂျာက သင့်ကို အလုပ်မှာ နေ့စဉ်လုပ်ဆောင်သမျှ အရာအားလုံးကို အသေးစိတ် မှတ်တမ်းတင်ခိုင်းတာမျိုး လုပ်ခိုင်းနိုင်ပါတယ်။ သူတို့ကတော့ ဒါဟာ ပူး ပေါင်းဆောင်ရွက်ဖို့၊ တိုးတက်ဖို့ ဒါမှမဟုတ် သင့်အလုပ်ကို မျှဝေဖို့အတွက်လို့ အကြောင်းပြကောင်း ပြပါလိမ့်မယ်။Performance Improvement Plan (PIP) လို့ခေါ်တဲ့ အလုပ်စွမ်းဆောင်ရည် တိုးတက်ရေး အစီအစဉ်ထဲ ထည့်လိုက်တာဟာ သင့်မန်နေဂျာက သင့်အလုပ်အပေါ် စိတ်ကျေနပ်မှု မရှိတော့ဘဲ သင်ဘာလုပ်နေလဲဆိုတာကို လိုက်လံစောင့်ကြည့်ချင်နေပြီဆိုတဲ့ အချက်ပါပဲ။ အရင်က သင့်ဘာသာ လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့ရာကနေ အခုမှ သေးသေးမွှားမွှားလေးကအစ လိုက်လံ စီမံခန့်ခွဲနေပြီ (Micromanaging) ဆိုရင် ဒါဟာ သင့်ကို အသံတိတ် အလုပ်ထုတ်ဖို့ ကြိုးစားနေတဲ့ လက္ခဏာပါပဲ။

သင်ဟာ အသံတိတ် အလုပ်ထုတ်ခံနေရတယ်လို့ ယူဆရရင် စိတ်မပျက်ပါနဲ့။ Sam DeMase ကတော့ ဒီလို အဆိပ်အတောက်ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မှတ်တမ်းတင်ထားပြီး အခြေအနေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အကြံပြုထားပါတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ အလုပ်မထွက်လိုက်ပါနဲ့၊ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ အလိုချင်ဆုံး အရာမို့လို့ပါ။ သင်သာ အလုပ်ထွက်လိုက်ရင် နစ်နာကြေး ဒါမှမဟုတ် အလုပ်လက်မဲ့ ခံစားခွင့်တွေကို ရမှာ မဟုတ်တော့ပါဘူး။ သင်ဟာ ဒီနေရာမှာ အလုပ်လုပ်ခဲ့တဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးကို ရရှိဖို့ အခွင့်အရေး ရှိပါတယ်။

ဒီလို စိတ်ဖိစီးစရာကောင်းတဲ့ အခြေအနေမှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။ သင့်ရဲ့ တန်ဖိုးဟာ သင့်မှာရှိတဲ့ အလုပ်တစ်ခုတည်းအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးဆိုတာကို အမြဲသတိရပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ ဒီအခြေအနေကနေ ပြန်လည် နာလန်ထူလာမှာဖြစ်ပြီး အခွင့်အလမ်းသစ်တွေက သင့်ဆီကို ရောက်ရှိလာမှာ သေချာပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္ခြင္အခ်ိဳ႕ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် အဆိပ္အေတာက္ (toxic) ျဖစ္လာတတ္ၿပီး သင္ဟာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တစ္ခုကို ရင္ဆိုင္ရႏိုင္ပါတယ္။ အဲဒီအခါ “ဆက္ေနမလား ဒါမွမဟုတ္ ထြက္မလား”ဆိုတဲ့ ေမးခြန္းကို ကိုယ့္ကိုယ္ကိုယ္ မၾကာခဏေမးတတ္လာပါတယ္။ အလုပ္ခြင္မွာ အဆိပ္အေတာက္ျဖစ္တဲ့အခါ ဝန္ထမ္းေတြရဲ႕ လုပ္ငန္းအေပၚ စိတ္ပါဝင္စားမႈကို ပ်က္စီးေစၿပီး အေထာက္အပံ့ ကင္းမဲ့မႈေၾကာင့္ စိတ္ဓာတ္က်ဆင္းေစတဲ့အျပင္ အဆိုးျမင္စိတ္ေတြ ျပန႔္ႏွံ႔လာကာ burnout နဲ႔ စိုးရိမ္ပူပန္မႈေတြကို ျဖစ္ေစတယ္လို႔ သုေတသနေတြက ေဖာ္ျပထားပါတယ္။ ဝန္ထမ္းေတြအေနနဲ႔ သူတို႔ကို ပံ့ပိုးေပးေနတယ္လို႔ မခံစားရတဲ့အခါ သူတို႔ရဲ႕ အလုပ္ကေန စိတ္ပိုင္းဆိုင္ရာအရ ခြာၿပဲသြားၾကပါတယ္။

တခ်ိဳ႕လူေတြကေတာ့ အလုပ္ကေန အထုတ္ခံရဖို႔ (ထြက္လိုက္တာထက္စာရင္) တတ္ႏိုင္သမွ် ႀကိဳးစားတတ္ၾကေပမယ့္၊ တစ္ခါတစ္ရံမွာ မန္ေနဂ်ာေတြက သင့္ကို အတင္းအက်ပ္ ထြက္သြားခိုင္းတဲ့ နည္းလမ္းမ်ိဳးကို အသုံးျပဳတတ္ပါတယ္။ ဒါကို “Quiet Firing” အသံတိတ္ အလုပ္ထုတ္ျခင္း လို႔ ေခၚပါတယ္။ သင့္ကို တကယ့္တကယ္ အလုပ္ထုတ္လိုက္တဲ့အခါ ႀကဳံေတြ႕ရမယ့္ ေငြေၾကးဆိုင္ရာနဲ႔ ဥပေဒေၾကာင္းအရ နစ္နာေၾကးေပးရမယ့္ ကိစၥေတြကို သူတို႔ဘက္က မရင္ဆိုင္ခ်င္တဲ့အတြက္ သင့္ဘာသာသင္ ဆႏၵအေလ်ာက္ ထြက္သြားေအာင္ ရန္လိုတဲ့ ပတ္ဝန္းက်င္တစ္ခုကို တမင္တကာ ဖန္တီးလိုက္တာပါ။

ေလ့လာမႈတစ္ခုအရ အသံတိတ္ အလုပ္ထုတ္ျခင္း (Quiet firing) နဲ႔ အသံတိတ္ အလုပ္နားျခင္း (Quiet quitting တို႔ဟာ တစ္ခုနဲ႔တစ္ခု ဆက္ႏႊယ္ေနၿပီး အျပန္အ လွန္ စိတ္ပ်က္စရာ သံသရာတစ္ခုလို လည္ပတ္ေနတာ ျဖစ္ပါတယ္။ ဘယ္အျပဳအမူက အရင္စသလဲဆိုတာကို ဆုံးျဖတ္ဖို႔ ခက္ခဲေပမယ့္၊ ႏွစ္ခုလုံးဟာ အလုပ္ခြင္အတြင္း ယုံၾကည္မႈ ပ်က္ျပားျခင္းကေန ျမစ္ဖ်ားခံလာတာျဖစ္ၿပီး ႏွစ္ဖက္စလုံးအတြက္ ကုန္က်စရိတ္ေတြ မ်ားျပားေစႏိုင္ပါတယ္။

သင္ “Quiet Fired” လုပ္ခံေနရၿပီဆိုတာကို ျပသေနတဲ့ လကၡဏာ ၄ ခုမွာ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

သင့္မန္ေနဂ်ာဆီကေန အဆိုးျမင္တဲ့ ေဝဖန္မႈေတြကိုပဲ ရရွိေနျခင္း

မန္ေနဂ်ာတစ္ေယာက္က သင့္ကို အသံတိတ္ အလုပ္ထုတ္ဖို႔ ႀကိဳးစားတဲ့အခါ၊ သူတို႔ဟာ တိုးတက္ဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈ (constructive criticism) အစား အဆိုးျမင္တဲ့ ေဝဖန္မႈေတြကိုပဲ ေပးပါလိမ့္မယ္။ သူတို႔ရဲ႕ ေဝဖန္မႈေတြကို ေထာက္ျပဖို႔ ဥပမာေတြေပးဖို႔ကိုလည္း ျငင္းဆန္တတ္ၾကၿပီး ဒါဟာ သင့္ကို ဘယ္လိုတိုးတက္ေအာင္ လုပ္ရမလဲ မသိဘဲ လမ္းေပ်ာက္ေနသလို ခံစားရေစပါတယ္။ ဒါဟာ Quiet Firing ရဲ႕ အဓိက အစိတ္အပိုင္းတစ္ခုပါပဲ။ လုံေလာက္တဲ့ သင္ တန္းေပးမႈ ဒါမွမဟုတ္ လမ္းၫႊန္မႈ မေပးတဲ့အခါ ဝန္ထမ္းေတြဟာ သူတို႔ကို အေထာက္အပံ့မေပးဘူး၊ တန္ဖိုးမထားဘူးလို႔ ခံစားရၿပီး ေနာက္ဆုံးမွာ အလုပ္ထြက္သြားၾကပါတယ္။
TikTok မွာ “Your Career Bestie” လို႔ ကိုယ့္ကိုယ္ကိုယ္ ေခၚဆိုတဲ့ Sam DeMase က ရွင္းျပရာမွာ – အလုပ္ရွင္ေတြဟာ အလုပ္ထုတ္ရင္ ေပးရမယ့္ နစ္နာေၾကး ဒါမွမဟုတ္ အလုပ္လက္မဲ့ ခံစားခြင့္ေတြကို မေပးခ်င္တဲ့အတြက္ ဒီနည္းလမ္းကို သုံးတာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အသံတိတ္ အလုပ္ထုတ္ခံရတဲ့ အေျခအေနမွာ ရွိေနရင္ေတာင္ အလုပ္မွာေနရတာ ဘယ္ေလာက္ပဲ နာက်င္စရာေကာင္းေနပါေစ အလုပ္ခ်က္ခ်င္းမထြက္ဖို႔ သူမက အႀကံျပဳထားပါတယ္။

အေရးႀကီးတဲ့ ပေရာဂ်က္နဲ႔ အစည္းအေဝးေတြမွာ ခ်န္လွပ္ခံရျခင္း

တကယ္လို႔ သင္ဟာ အသံတိတ္ အလုပ္ထုတ္ခံရေတာ့မယ္ဆိုရင္၊ အထက္လူႀကီးေတြက သင့္ကို အလုပ္ခြင္ထဲမွာ ျဖစ္ပ်က္ေနတာေတြကေန စတင္ ဖယ္ထုတ္ပါလိမ့္မယ္။ ဆိုလိုတာက သင္ဟာ အစည္းအေဝး ဖိတ္ၾကားခ်က္ေတြ မရေတာ့တာ၊ ဝန္ထမ္းအခ်င္းခ်င္းၾကား ပို႔တဲ့ Email ေတြထဲမွာ ခ်န္လွပ္ခံရတာ၊ ေနာက္ဆုံး မန္ေနဂ်ာနဲ႔ တစ္ဦးခ်င္း ေတြ႕ဆုံေဆြးေႏြးမႈေတြကိုေတာင္ ပယ္ဖ်က္လိုက္တာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ သင့္ကို အဆက္အသြယ္ ျဖတ္ထားရျခင္းရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ သင့္ကို အထီးက်န္သလို ခံစားရေအာင္၊ သင့္ရဲ႕ အလုပ္နဲ႔ ႀကိဳးစားအားထုတ္မႈေတြက တန္ဖိုးမရွိသလို ျဖစ္ေအာင္ လုပ္ေဆာင္တာပါ။ ဒါမွ မန္ေနဂ်ာဘက္က တိုက္႐ိုက္ အလုပ္ ထုတ္စရာ မလိုဘဲ သင္ဘာသာသင္ ထြက္သြားမွာ ျဖစ္ပါတယ္။

သင့္မန္ေနဂ်ာက သင့္ကို ေရွာင္ဖယ္ေနျခင္း

တကယ္လို႔ သင္က ဘာေၾကာင့္ ဒီလို ဖယ္ထုတ္ခံေနရတာလဲဆိုတာကို သိဖို႔ အထက္လူႀကီးေတြကို စကားေျပာဖို႔ ႀကိဳးစားရင္ေတာင္၊ သူတို႔ဟာ သူတို႔ရဲ႕ လုပ္ရပ္ေတြအတြက္ တာဝန္မယူခ်င္တဲ့အတြက္ စကားလမ္းေၾကာင္း လႊဲတာမ်ိဳးကို ဘယ္လိုနည္းနဲ႔မဆို လုပ္ပါလိမ့္မယ္။ေလ့လာမႈတစ္ခုအရ မန္ေနဂ်ာေတြက ယဥ္ေက်းမႈမရွိတဲ့အခါ ဝန္ထမ္းေတြဟာ သူတို႔ရဲ႕ အလုပ္အကိုင္ လုံၿခဳံမႈအတြက္ စိုးရိမ္လာတတ္ေပမယ့္ ဒီလို ႐ိုင္းစိုင္းမႈေတြက ဝန္ထမ္းေတြကို အလုပ္ကေန ခ်က္ခ်င္း လက္တြန႔္သြားေအာင္ေတာ့ မလုပ္ႏိုင္ပါဘူး။ သုေတသနက ဆက္လက္ေဖာ္ျပရာမွာ ဝန္ထမ္းတစ္ေယာက္ရဲ႕ စိတ္ခံစားမႈဆိုင္ရာ အသိဉာဏ္ (EQ) ဟာ ဒီေနရာမွာ အရမ္းတန္ဖိုးရွိပါတယ္။ ကိုယ့္ရဲ႕ စိတ္ခံစားမႈကို ပိုမို ထိန္းခ်ဳပ္ႏိုင္တဲ့သူေတြဟာ အထက္လူႀကီးရဲ႕ ဆိုး႐ြားတဲ့ အျပဳအမူေတြေၾကာင့္ အလုပ္မွာ စိုးရိမ္စိတ္ရွိေနရင္ေတာင္ အလုပ္အေပၚ စိတ္ပ်က္ၿပီး လက္လႊတ္လိုက္ဖို႔ အလားအလာ နည္းပါတယ္။

အလုပ္မွာ လုပ္ေဆာင္သမွ် အရာအားလုံးကို မွတ္တမ္းတင္ခိုင္းျခင္း

သင့္မန္ေနဂ်ာက သင့္ကို အလုပ္မွာ ေန႔စဥ္လုပ္ေဆာင္သမွ် အရာအားလုံးကို အေသးစိတ္ မွတ္တမ္းတင္ခိုင္းတာမ်ိဳး လုပ္ခိုင္းႏိုင္ပါတယ္။ သူတို႔ကေတာ့ ဒါဟာ ပူး ေပါင္းေဆာင္႐ြက္ဖို႔၊ တိုးတက္ဖို႔ ဒါမွမဟုတ္ သင့္အလုပ္ကို မွ်ေဝဖို႔အတြက္လို႔ အေၾကာင္းျပေကာင္း ျပပါလိမ့္မယ္။Performance Improvement Plan (PIP) လို႔ေခၚတဲ့ အလုပ္စြမ္းေဆာင္ရည္ တိုးတက္ေရး အစီအစဥ္ထဲ ထည့္လိုက္တာဟာ သင့္မန္ေနဂ်ာက သင့္အလုပ္အေပၚ စိတ္ေက်နပ္မႈ မရွိေတာ့ဘဲ သင္ဘာလုပ္ေနလဲဆိုတာကို လိုက္လံေစာင့္ၾကည့္ခ်င္ေနၿပီဆိုတဲ့ အခ်က္ပါပဲ။ အရင္က သင့္ဘာသာ လြတ္လပ္စြာ လုပ္ခြင့္ေပးခဲ့ရာကေန အခုမွ ေသးေသးမႊားမႊားေလးကအစ လိုက္လံ စီမံခန႔္ခြဲေနၿပီ (Micromanaging) ဆိုရင္ ဒါဟာ သင့္ကို အသံတိတ္ အလုပ္ထုတ္ဖို႔ ႀကိဳးစားေနတဲ့ လကၡဏာပါပဲ။

သင္ဟာ အသံတိတ္ အလုပ္ထုတ္ခံေနရတယ္လို႔ ယူဆရရင္ စိတ္မပ်က္ပါနဲ႔။ Sam DeMase ကေတာ့ ဒီလို အဆိပ္အေတာက္ျဖစ္တဲ့ ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္ေနလဲဆိုတာကို မွတ္တမ္းတင္ထားၿပီး အေျခအေနကို ထိပ္တိုက္ရင္ဆိုင္ဖို႔ အႀကံျပဳထားပါတယ္။ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ အလုပ္မထြက္လိုက္ပါနဲ႔၊ ဘာလို႔လဲဆိုေတာ့ ဒါဟာ သူတို႔ အလိုခ်င္ဆုံး အရာမို႔လို႔ပါ။ သင္သာ အလုပ္ထြက္လိုက္ရင္ နစ္နာေၾကး ဒါမွမဟုတ္ အလုပ္လက္မဲ့ ခံစားခြင့္ေတြကို ရမွာ မဟုတ္ေတာ့ပါဘူး။ သင္ဟာ ဒီေနရာမွာ အလုပ္လုပ္ခဲ့တဲ့ အခ်ိန္နဲ႔ ႀကိဳးစားအားထုတ္မႈေတြအတြက္ ထိုက္တန္တဲ့ ေလ်ာ္ေၾကးကို ရရွိဖို႔ အခြင့္အေရး ရွိပါတယ္။

ဒီလို စိတ္ဖိစီးစရာေကာင္းတဲ့ အေျခအေနမွာ ကိုယ့္ရဲ႕ စိတ္က်န္းမာေရးကို ဂ႐ုစိုက္ဖို႔က အရမ္းအေရးႀကီးပါတယ္။ သင့္ရဲ႕ တန္ဖိုးဟာ သင့္မွာရွိတဲ့ အလုပ္တစ္ခုတည္းအေပၚမွာပဲ မူတည္ေနတာ မဟုတ္ဘူးဆိုတာကို အၿမဲသတိရပါ။ ဘာပဲျဖစ္ျဖစ္ သင္ဟာ ဒီအေျခအေနကေန ျပန္လည္ နာလန္ထူလာမွာျဖစ္ၿပီး အခြင့္အလမ္းသစ္ေတြက သင့္ဆီကို ေရာက္ရွိလာမွာ ေသခ်ာပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*