ဒီတစ်ပတ်ရဲ့ “Careers” သတင်းလွှာမှာတော့ သင့်ရဲ့အလုပ်နေ့ရက်တွေကို CEO တစ်ယောက်လို ဘယ်လိုပုံဖော်မလဲဆိုတဲ့ အကြံပြုချက်တွေ၊ Forbes ရဲ့ ၂၀၂၆ အတွက် “New Ivies” တက္ကသိုလ်စာရင်းတွေနဲ့အတူ အလုပ်သမားတွေက လစာတိုးတာထက် ဘာကို ပိုလိုချင်နေကြတာလဲ ဆိုတဲ့အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။
အလုပ်ခွင်မှာ အတွေ့အကြုံကောင်းတွေ ရဖို့အတွက် တရားမျှတတဲ့ လစာရဖို့က အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ တခြားအချက်တွေကလည်း အရေးကြီးပါသေးတယ်။ တကယ်တော့ Reward Gateway က လူပေါင်း ၃,၂၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အလုပ်သမား အတော်များများဟာ လစာ ၁၀ရာခိုင်နှုန်း တိုးမယ့်အစား တခြားသော အကျိုးခံစားခွင့်တွေကို လဲလှယ်ဖို့ ဆန္ဒရှိနေကြတာကို တွေ့ရပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်ပါ။
စိတ်ချမ်းသာမှု (well-being)
လူပေါင်း ၅၈ ရာခိုင်နှုန်းက လစာ ၁၀ ရာခိုင်နှုန်းတိုးတာထက် သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကို ဂရုစိုက်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ရတာကို ပိုတန်ဖိုးထားကြပါတယ်။ ၅၅ရာခိုင်နှုန်းကတော့ သူတို့ကို ဂရုစိုက်တတ်တဲ့ မန်နေဂျာမျိုးနဲ့ အလုပ်လုပ်ချင်ကြတာပါ။
ကိုယ်တိုင် စီမံခန့်ခွဲနိုင်မှု (Control)
ဝန်ထမ်း ၅၄ရာခိုင်နှုန်းက အလုပ်ချိန်ဇယားကို ကိုယ်တိုင် စီမံခန့်ခွဲခွင့် ရတာကို ပိုဦးစားပေးကြပြီး၊ ၄၇ရာခိုင်နှုန်းကတော့ အလုပ်လုပ်ရမယ့် နေရာနဲ့ ပတ်သက်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လွတ်လပ်ခွင့်ရချင်ကြပါတယ်။
တိုးတက်မှု (Growth)
ဝန်ထမ်း ၅၁ရာခိုင်နှုန်းက လစာတိုးတာထက် အသစ်တွေ သင်ယူခွင့်၊ ကြီးပွားတိုးတက်ခွင့်နဲ့ အရည်အချင်း မြှင့်တင်နိုင်မယ့် အခွင့်အရေးတွေကို ပိုလိုချင်ကြပါတယ်။ ၃၇ရာခိုင်နှုန်းကတော့ သူတို့ လုပ်ဆောင်ချက်တွေအပေါ် ခဏခဏ ချီးကျူးခံရတာနဲ့ အသိအမှတ်ပြုခံရတာကို ပိုလိုလားကြပါတယ်။ ဒီအချက်နှစ်ချက်က ဆက်စပ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ဒီနေ့ရတဲ့ Feedback က မနက်ဖြန်အတွက် တိုးတက်မှု ဖြစ်လာစေလို့ပါတဲ့။
ပတ်ဝန်းကျင်မှာ အံဝင်ခွင်ကျဖြစ်မှု (Belonging)
ဝန်ထမ်း ၅၀ရာခိုင်နှုန်းက လစာတိုးတာထက် အလုပ်ခွင်မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေရတယ်ဆိုတဲ့ ခံစားချက်က ပိုအရေးကြီးတယ်လို့ ပြောပါတယ်။ ၄၇ရာခိုင်နှုန်းကတော့ သူတို့ရဲ့ မန်နေဂျာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ကို ဦးစားပေးပြီး၊ ၄၆ရာခိုင်နှုန်းက သူတို့နဲ့ ခံယူချက်ချင်းတူတဲ့ ကုမ္ပဏီမှာပဲ အလုပ်လုပ်ချင်ကြပါတယ်။
လစာဆိုတာ အလုပ်တစ်ခုရဲ့ တန်ဖိုးမှာ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာ စိတ်ဓာတ်တက်ကြွဖို့နဲ့ အတွေ့အ ကြုံကောင်းတွေ ရဖို့အတွက် လစာထက်ကျော်လွန်တဲ့ တခြားအရာတွေကိုလည်း ရှာဖွေကြည့်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီတစ္ပတ္ရဲ႕ “Careers” သတင္းလႊာမွာေတာ့ သင့္ရဲ႕အလုပ္ေန႔ရက္ေတြကို CEO တစ္ေယာက္လို ဘယ္လိုပုံေဖာ္မလဲဆိုတဲ့ အႀကံျပဳခ်က္ေတြ၊ Forbes ရဲ႕ ၂၀၂၆ အတြက္ “New Ivies” တကၠသိုလ္စာရင္းေတြနဲ႔အတူ အလုပ္သမားေတြက လစာတိုးတာထက္ ဘာကို ပိုလိုခ်င္ေနၾကတာလဲ ဆိုတဲ့အေၾကာင္းအရာေတြကို ေဖာ္ျပေပးထားပါတယ္။
အလုပ္ခြင္မွာ အေတြ႕အႀကဳံေကာင္းေတြ ရဖို႔အတြက္ တရားမွ်တတဲ့ လစာရဖို႔က အေရးႀကီးတာ မွန္ပါတယ္။ ဒါေပမဲ့ တျခားအခ်က္ေတြကလည္း အေရးႀကီးပါေသးတယ္။ တကယ္ေတာ့ Reward Gateway က လူေပါင္း ၃,၂၀၀ ကို စစ္တမ္းေကာက္ယူခဲ့ရာမွာ အလုပ္သမား အေတာ္မ်ားမ်ားဟာ လစာ ၁၀ရာခိုင္ႏႈန္း တိုးမယ့္အစား တျခားေသာ အက်ိဳးခံစားခြင့္ေတြကို လဲလွယ္ဖို႔ ဆႏၵရွိေနၾကတာကို ေတြ႕ရပါတယ္။ ဘာေတြျဖစ္မလဲဆိုတာ ဆက္ဖတ္ၾကည့္ၾကရေအာင္ပါ။
စိတ္ခ်မ္းသာမႈ (well-being)
လူေပါင္း ၅၈ ရာခိုင္ႏႈန္းက လစာ ၁၀ ရာခိုင္ႏႈန္းတိုးတာထက္ သူတို႔ရဲ႕ က်န္းမာေရးနဲ႔ စိတ္ခ်မ္းသာမႈကို ဂ႐ုစိုက္တဲ့ ကုမၸဏီမွာ အလုပ္လုပ္ရတာကို ပိုတန္ဖိုးထားၾကပါတယ္။ ၅၅ရာခိုင္ႏႈန္းကေတာ့ သူတို႔ကို ဂ႐ုစိုက္တတ္တဲ့ မန္ေနဂ်ာမ်ိဳးနဲ႔ အလုပ္လုပ္ခ်င္ၾကတာပါ။
ကိုယ္တိုင္ စီမံခန႔္ခြဲႏိုင္မႈ (Control)
ဝန္ထမ္း ၅၄ရာခိုင္ႏႈန္းက အလုပ္ခ်ိန္ဇယားကို ကိုယ္တိုင္ စီမံခန႔္ခြဲခြင့္ ရတာကို ပိုဦးစားေပးၾကၿပီး၊ ၄၇ရာခိုင္ႏႈန္းကေတာ့ အလုပ္လုပ္ရမယ့္ ေနရာနဲ႔ ပတ္သက္ၿပီး ေျပာင္းလြယ္ျပင္လြယ္ရွိတဲ့ လြတ္လပ္ခြင့္ရခ်င္ၾကပါတယ္။
တိုးတက္မႈ (Growth)
ဝန္ထမ္း ၅၁ရာခိုင္ႏႈန္းက လစာတိုးတာထက္ အသစ္ေတြ သင္ယူခြင့္၊ ႀကီးပြားတိုးတက္ခြင့္နဲ႔ အရည္အခ်င္း ျမႇင့္တင္ႏိုင္မယ့္ အခြင့္အေရးေတြကို ပိုလိုခ်င္ၾကပါတယ္။ ၃၇ရာခိုင္ႏႈန္းကေတာ့ သူတို႔ လုပ္ေဆာင္ခ်က္ေတြအေပၚ ခဏခဏ ခ်ီးက်ဴးခံရတာနဲ႔ အသိအမွတ္ျပဳခံရတာကို ပိုလိုလားၾကပါတယ္။ ဒီအခ်က္ႏွစ္ခ်က္က ဆက္စပ္ေနပါတယ္၊ ဘာလို႔လဲဆိုေတာ့ ဒီေန႔ရတဲ့ Feedback က မနက္ျဖန္အတြက္ တိုးတက္မႈ ျဖစ္လာေစလို႔ပါတဲ့။
ပတ္ဝန္းက်င္မွာ အံဝင္ခြင္က်ျဖစ္မႈ (Belonging)
ဝန္ထမ္း ၅၀ရာခိုင္ႏႈန္းက လစာတိုးတာထက္ အလုပ္ခြင္မွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ေနရတယ္ဆိုတဲ့ ခံစားခ်က္က ပိုအေရးႀကီးတယ္လို႔ ေျပာပါတယ္။ ၄၇ရာခိုင္ႏႈန္းကေတာ့ သူတို႔ရဲ႕ မန္ေနဂ်ာနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိဖို႔ကို ဦးစားေပးၿပီး၊ ၄၆ရာခိုင္ႏႈန္းက သူတို႔နဲ႔ ခံယူခ်က္ခ်င္းတူတဲ့ ကုမၸဏီမွာပဲ အလုပ္လုပ္ခ်င္ၾကပါတယ္။
လစာဆိုတာ အလုပ္တစ္ခုရဲ႕ တန္ဖိုးမွာ အစိတ္အပိုင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းမွာ စိတ္ဓာတ္တက္ႂကြဖို႔နဲ႔ အေတြ႕အ ႀကဳံေကာင္းေတြ ရဖို႔အတြက္ လစာထက္ေက်ာ္လြန္တဲ့ တျခားအရာေတြကိုလည္း ရွာေဖြၾကည့္သင့္ပါတယ္လို႔ အႀကံျပဳထားပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply