ဒီဘက်ခေတ်မှာ စီးပွားရေးလောကအကြောင်း ပြောကြပြီဆိုရင် ထူးဆန်းတဲ့ အလှည့်အပြောင်းတစ်ခုကို သတိထားမိကြလိမ့်မယ်။ အဲဒါကတော့ အလုပ်အကိုင်ဈေး ကွက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက နေရာအနှံ့ ရှိနေပေမဲ့ အသေးစားလုပ်ငန်း တော်တော်များများကတော့ ဝန်ထမ်းအသစ် ခန့်ဖို့ ရုန်းကန်နေရတုန်းပဲ ဆိုတာပါပဲ။အပေါ်ယံကြည့်ရင်တော့ လွယ်လွယ်လေးပဲလို့ ထင်စရာရှိပါတယ်။ အလုပ်လိုချင်တဲ့သူ ရှိမယ်၊ အလုပ်ရှင်က အလုပ်ခေါ်မယ်၊ ပြီးရင် ခန့်လိုက်မယ်ပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ အသေးစားလုပ်ငန်းရှင် တော်တော်များများက “အလုပ်ခေါ်စာတွေ ဘယ်လောက်ပဲ တင်တင်၊ ကိုယ်လိုချင်တဲ့ အရည်အချင်းမျိုး ရှိတဲ့သူကို လုံးဝရှာမရဘူး” လို့ ရင်ဖွင့်နေကြပါတယ်။
အမျိုးသား အသေးစားလုပ်ငန်းများသမဂ္ဂ (NFIB) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အသေးစားလုပ်ငန်းရှင် တော်တော်များများဟာ အလုပ်နေရာအလွတ်တွေကို ဖြည့်ဆည်းဖို့ အသည်းအသန် ကြိုးစားနေကြရပြီး အလုပ်လာလျှောက်သူတွေထဲမှာ လုပ်ငန်းခွင်အတွက် တကယ် အရည်အချင်းမီတဲ့သူ မရှိသလောက် ရှားပါးနေတာကို တွေ့ရှိခဲ့ရပါတယ်။
၁။ အလုပ်လျှောက်သူ ရှိသော်လည်း “အရည်အချင်း ကွာဟချက်” က ကြီးမားနေဆဲ
လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အဓိက အတားအဆီးကတော့ အလုပ်လာလျှောက်တဲ့သူ မရှိတာ မဟုတ်ပါဘူး။ အလုပ်လာလျှောက်တဲ့သူတွေနဲ့ ကိုယ်တိုင်လိုချင်တဲ့ အရည်အချင်းအဆင့်အတန်း တလွဲစီ ဖြစ်နေတာပါ။ဒီနေ့ခေတ် အလုပ်အကိုင်ဈေးကွက်မှာ ပညာရေးလက်မှတ်တွေ၊ ဘွဲ့ဒီဂရီတွေ စုံစုံလင်လင် ရှိကြတဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ တကယ်လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Technical Skills) နဲ့ ပြဿနာကို အကွက်မြင်မြင် ဖြေရှင်းနိုင်စွမ်း (Soft Skills) တွေမှာ အားနည်းနေတာကို တွေ့ရတတ်ပါတယ်။ ဆိုလိုတာက စာအုပ်ကြီးအတိုင်း သိနေပေမဲ့ လက်တွေ့ကွင်းဆင်းခိုင်းရင် အလုပ်မဖြစ်ကြတာမျိုးပေါ့။ ဒါကြောင့်ပဲ လုပ်ငန်းရှင်တွေက “လူတော့ လာလျှောက်ကြပါရဲ့၊ ဒါပေမဲ့ လုပ်ငန်းခွင်ထဲ တန်းဝင်မယ့်သူ တစ်ယောက်မှ မပါဘူး” ဖြစ်နေကြတာပါ။
၂။ လစာနဲ့ ခံစားခွင့်တွေအပေါ် မျှော်မှန်းချက် မတူညီကြခြင်း
နောက်ထပ် အခက်အခဲတစ်ခုကတော့ ငွေကြေးကိစ္စပါပဲ။ အခုခေတ် ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်တွေ တက်လာတာကြောင့် အလုပ်ရှာဖွေသူတွေဘက်ကလည်း လစာမြင့်မြင့်နဲ့ အကျိုးခံစားခွင့် အလန်းစားတွေကို မျှော်လင့်ကြတာ မဆန်းပါဘူး။ဒါပေမဲ့ ပြဿနာက အသေးစားလုပ်ငန်းတွေရဲ့ သဘာဝအရ ကုမ္ပဏီကြီးတွေလို၊ ကော်ပိုရေးရှင်းကြီးတွေလို လစာတွေ ပုံပေးဖို့၊ ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ ခံစားခွင့်တွေ ပေးဖို့ဆိုတာ ဘတ်ဂျက်အရ မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ အလုပ်ရှင် ပေးနိုင်တဲ့ပမာဏနဲ့ အလုပ်သမား လိုချင်တဲ့ပမာဏကြားမှာ ညှိမရဘဲ အလုပ်ခန့်ဖို့ အဆင်မပြေ ဖြစ်ကြရပါတယ်။ အသေးစားလုပ်ငန်းတွေဟာ လူစွမ်းကောင်းတွေကို လိုချင်ပေမဲ့ အဲဒီလူစွမ်းကောင်းတွေ တောင်းဆိုတဲ့ စရိတ်စကကို မတတ်နိုင်ကြတာမျိုး ဖြစ်နေပါတယ်။
၃။ သင်ပေးရုံပဲရှိတယ်၊ ပြန်ထွက်သွားကြမှာ စိုးရိမ်ခြင်း
အသေးစားလုပ်ငန်းတစ်ခုမှာ ဝန်ထမ်းသစ်တစ်ယောက်ကို ခန့်ပြီဆိုရင် ကုမ္ပဏီကြီးတွေလို သီးသန့် Training ပေးမယ့်ဌာန မရှိတတ်ပါဘူး။ ပိုင်ရှင်ကိုယ်တိုင် ဒါမှမဟုတ် ရှိတဲ့လူကပဲ အချိန်ပေး၊ အလုပ်ပစ်ပြီး သင်ပေးကြရတာပါ။ ဒါဟာ လုပ်ငန်းအတွက် ကုန်ကျစရိတ်တစ်ခုပါပဲ။ဒါပေမဲ့ ဒီနေ့ခေတ် အလုပ်အကိုင်ဈေးကွက်ရဲ့ အလားအလာအရ ဝန်ထမ်းတွေဟာ လုပ်ငန်းတစ်ခုထဲမှာ ရေရှည်အခြေချဖို့ထက် လစာပိုကောင်းတဲ့နေရာ၊ အခွင့်အလမ်းပိုသာတဲ့နေရာ တွေ့ရင် ချက်ချင်းပြောင်းဖို့ ဝန်မလေးကြတော့ပါဘူး။ လုပ်ငန်းရှင်တွေဘက်ကကြည့်ရင်တော့ “ငါတို့က အချိန်ကုန်၊ လူပန်းခံပြီး အလုပ်သင်ပေးလိုက်တယ်၊ အလုပ်လည်း တတ်ရော တခြားနေရာ ပြောင်းသွားရော” ဆိုတဲ့ အဖြစ်မျိုးတွေ ခဏခဏ ကြုံလာရတဲ့အခါ လူသစ်ခန့်ဖို့ လက်တွန့်သွားကြပြီး အလုပ်နေရာတွေကို ဒီအတိုင်းပဲ ချန်ထားလိုက်ကြပါတော့တယ်။
ဒါကြောင့်မို့လို့ “အသေးစားလုပ်ငန်းတွေ ဘာလို့ လူမခန့်တာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေက ရှင်းပါတယ်။ သူတို့မှာ အလုပ်ခန့်ချင်တဲ့ အစီအစဉ်တွေ ရှိပါတယ်၊ လုပ်ငန်းလည်း တိုးချဲ့ချင်ကြပါတယ်။ဒါပေမဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ ရှိနေတဲ့ အလုပ်ရှာဖွေသူတွေရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ လုပ်ငန်းခွင်က တကယ်တောင်းဆိုနေတဲ့ “အလုပ်ဖြစ်မယ့် အရည်အချင်း” ကြားထဲက ကွာဟချက် (Skill Gap) ကို မကျော်ဖြတ်နိုင်သရွေ့တော့၊ ဒီပြဿနာဟာ အသေးစားလုပ်ငန်းရှင်တွေအတွက် ဆက်ပြီး ခေါင်းခဲစရာ ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီဘက္ေခတ္မွာ စီးပြားေရးေလာကအေၾကာင္း ေျပာၾကၿပီဆိုရင္ ထူးဆန္းတဲ့ အလွည့္အေျပာင္းတစ္ခုကို သတိထားမိၾကလိမ့္မယ္။ အဲဒါကေတာ့ အလုပ္အကိုင္ေဈး ကြက္မွာ အလုပ္အကိုင္အခြင့္အလမ္းေတြက ေနရာအႏွံ႔ ရွိေနေပမဲ့ အေသးစားလုပ္ငန္း ေတာ္ေတာ္မ်ားမ်ားကေတာ့ ဝန္ထမ္းအသစ္ ခန႔္ဖို႔ ႐ုန္းကန္ေနရတုန္းပဲ ဆိုတာပါပဲ။အေပၚယံၾကည့္ရင္ေတာ့ လြယ္လြယ္ေလးပဲလို႔ ထင္စရာရွိပါတယ္။ အလုပ္လိုခ်င္တဲ့သူ ရွိမယ္၊ အလုပ္ရွင္က အလုပ္ေခၚမယ္၊ ၿပီးရင္ ခန႔္လိုက္မယ္ေပါ့။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ အေသးစားလုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားက “အလုပ္ေခၚစာေတြ ဘယ္ေလာက္ပဲ တင္တင္၊ ကိုယ္လိုခ်င္တဲ့ အရည္အခ်င္းမ်ိဳး ရွိတဲ့သူကို လုံးဝရွာမရဘူး” လို႔ ရင္ဖြင့္ေနၾကပါတယ္။
အမ်ိဳးသား အေသးစားလုပ္ငန္းမ်ားသမဂၢ (NFIB) ရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ အေသးစားလုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားဟာ အလုပ္ေနရာအလြတ္ေတြကို ျဖည့္ဆည္းဖို႔ အသည္းအသန္ ႀကိဳးစားေနၾကရၿပီး အလုပ္လာေလွ်ာက္သူေတြထဲမွာ လုပ္ငန္းခြင္အတြက္ တကယ္ အရည္အခ်င္းမီတဲ့သူ မရွိသေလာက္ ရွားပါးေနတာကို ေတြ႕ရွိခဲ့ရပါတယ္။
၁။ အလုပ္ေလွ်ာက္သူ ရွိေသာ္လည္း “အရည္အခ်င္း ကြာဟခ်က္” က ႀကီးမားေနဆဲ
လုပ္ငန္းရွင္ေတြ ရင္ဆိုင္ေနရတဲ့ အဓိက အတားအဆီးကေတာ့ အလုပ္လာေလွ်ာက္တဲ့သူ မရွိတာ မဟုတ္ပါဘူး။ အလုပ္လာေလွ်ာက္တဲ့သူေတြနဲ႔ ကိုယ္တိုင္လိုခ်င္တဲ့ အရည္အခ်င္းအဆင့္အတန္း တလြဲစီ ျဖစ္ေနတာပါ။ဒီေန႔ေခတ္ အလုပ္အကိုင္ေဈးကြက္မွာ ပညာေရးလက္မွတ္ေတြ၊ ဘြဲ႕ဒီဂရီေတြ စုံစုံလင္လင္ ရွိၾကတဲ့သူေတြ အမ်ားႀကီးပါ။ ဒါေပမဲ့ လက္ေတြ႕လုပ္ငန္းခြင္ထဲ ေရာက္တဲ့အခါ တကယ္လိုအပ္တဲ့ နည္းပညာပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈ (Technical Skills) နဲ႔ ျပႆနာကို အကြက္ျမင္ျမင္ ေျဖရွင္းႏိုင္စြမ္း (Soft Skills) ေတြမွာ အားနည္းေနတာကို ေတြ႕ရတတ္ပါတယ္။ ဆိုလိုတာက စာအုပ္ႀကီးအတိုင္း သိေနေပမဲ့ လက္ေတြ႕ကြင္းဆင္းခိုင္းရင္ အလုပ္မျဖစ္ၾကတာမ်ိဳးေပါ့။ ဒါေၾကာင့္ပဲ လုပ္ငန္းရွင္ေတြက “လူေတာ့ လာေလွ်ာက္ၾကပါရဲ႕၊ ဒါေပမဲ့ လုပ္ငန္းခြင္ထဲ တန္းဝင္မယ့္သူ တစ္ေယာက္မွ မပါဘူး” ျဖစ္ေနၾကတာပါ။
၂။ လစာနဲ႔ ခံစားခြင့္ေတြအေပၚ ေမွ်ာ္မွန္းခ်က္ မတူညီၾကျခင္း
ေနာက္ထပ္ အခက္အခဲတစ္ခုကေတာ့ ေငြေၾကးကိစၥပါပဲ။ အခုေခတ္ ကုန္ေဈးႏႈန္းနဲ႔ လူေနမႈစရိတ္ေတြ တက္လာတာေၾကာင့္ အလုပ္ရွာေဖြသူေတြဘက္ကလည္း လစာျမင့္ျမင့္နဲ႔ အက်ိဳးခံစားခြင့္ အလန္းစားေတြကို ေမွ်ာ္လင့္ၾကတာ မဆန္းပါဘူး။ဒါေပမဲ့ ျပႆနာက အေသးစားလုပ္ငန္းေတြရဲ႕ သဘာဝအရ ကုမၸဏီႀကီးေတြလို၊ ေကာ္ပိုေရးရွင္းႀကီးေတြလို လစာေတြ ပုံေပးဖို႔၊ ဒါမွမဟုတ္ ဆြဲေဆာင္မႈရွိတဲ့ ခံစားခြင့္ေတြ ေပးဖို႔ဆိုတာ ဘတ္ဂ်က္အရ မျဖစ္ႏိုင္ပါဘူး။ ဒီလိုနဲ႔ အလုပ္ရွင္ ေပးႏိုင္တဲ့ပမာဏနဲ႔ အလုပ္သမား လိုခ်င္တဲ့ပမာဏၾကားမွာ ညႇိမရဘဲ အလုပ္ခန႔္ဖို႔ အဆင္မေျပ ျဖစ္ၾကရပါတယ္။ အေသးစားလုပ္ငန္းေတြဟာ လူစြမ္းေကာင္းေတြကို လိုခ်င္ေပမဲ့ အဲဒီလူစြမ္းေကာင္းေတြ ေတာင္းဆိုတဲ့ စရိတ္စကကို မတတ္ႏိုင္ၾကတာမ်ိဳး ျဖစ္ေနပါတယ္။
၃။ သင္ေပး႐ုံပဲရွိတယ္၊ ျပန္ထြက္သြားၾကမွာ စိုးရိမ္ျခင္း
အေသးစားလုပ္ငန္းတစ္ခုမွာ ဝန္ထမ္းသစ္တစ္ေယာက္ကို ခန႔္ၿပီဆိုရင္ ကုမၸဏီႀကီးေတြလို သီးသန႔္ Training ေပးမယ့္ဌာန မရွိတတ္ပါဘူး။ ပိုင္ရွင္ကိုယ္တိုင္ ဒါမွမဟုတ္ ရွိတဲ့လူကပဲ အခ်ိန္ေပး၊ အလုပ္ပစ္ၿပီး သင္ေပးၾကရတာပါ။ ဒါဟာ လုပ္ငန္းအတြက္ ကုန္က်စရိတ္တစ္ခုပါပဲ။ဒါေပမဲ့ ဒီေန႔ေခတ္ အလုပ္အကိုင္ေဈးကြက္ရဲ႕ အလားအလာအရ ဝန္ထမ္းေတြဟာ လုပ္ငန္းတစ္ခုထဲမွာ ေရရွည္အေျခခ်ဖို႔ထက္ လစာပိုေကာင္းတဲ့ေနရာ၊ အခြင့္အလမ္းပိုသာတဲ့ေနရာ ေတြ႕ရင္ ခ်က္ခ်င္းေျပာင္းဖို႔ ဝန္မေလးၾကေတာ့ပါဘူး။ လုပ္ငန္းရွင္ေတြဘက္ကၾကည့္ရင္ေတာ့ “ငါတို႔က အခ်ိန္ကုန္၊ လူပန္းခံၿပီး အလုပ္သင္ေပးလိုက္တယ္၊ အလုပ္လည္း တတ္ေရာ တျခားေနရာ ေျပာင္းသြားေရာ” ဆိုတဲ့ အျဖစ္မ်ိဳးေတြ ခဏခဏ ႀကဳံလာရတဲ့အခါ လူသစ္ခန႔္ဖို႔ လက္တြန႔္သြားၾကၿပီး အလုပ္ေနရာေတြကို ဒီအတိုင္းပဲ ခ်န္ထားလိုက္ၾကပါေတာ့တယ္။
ဒါေၾကာင့္မို႔လို႔ “အေသးစားလုပ္ငန္းေတြ ဘာလို႔ လူမခန႔္တာလဲ” ဆိုတဲ့ ေမးခြန္းရဲ႕ အေျဖက ရွင္းပါတယ္။ သူတို႔မွာ အလုပ္ခန႔္ခ်င္တဲ့ အစီအစဥ္ေတြ ရွိပါတယ္၊ လုပ္ငန္းလည္း တိုးခ်ဲ႕ခ်င္ၾကပါတယ္။ဒါေပမဲ့ အလုပ္အကိုင္ေဈးကြက္ထဲမွာ ရွိေနတဲ့ အလုပ္ရွာေဖြသူေတြရဲ႕ လက္ရွိစြမ္းေဆာင္ရည္နဲ႔ လုပ္ငန္းခြင္က တကယ္ေတာင္းဆိုေနတဲ့ “အလုပ္ျဖစ္မယ့္ အရည္အခ်င္း” ၾကားထဲက ကြာဟခ်က္ (Skill Gap) ကို မေက်ာ္ျဖတ္ႏိုင္သေ႐ြ႕ေတာ့၊ ဒီျပႆနာဟာ အေသးစားလုပ္ငန္းရွင္ေတြအတြက္ ဆက္ၿပီး ေခါင္းခဲစရာ ျဖစ္ေနဦးမွာပဲ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply