ယနေ့ခေတ် စီးပွားရေးလောကနဲ့ အလုပ်ခွင်တွေမှာ Artificial Intelligence (AI) ရဲ့ အခန်းကဏ္ဍက အရှိန်အဟုန်နဲ့ မြင့်တက်လာနေပါတယ်။ အရင်က AI ကို အချက် အလက် ရှာဖွေရုံ၊ အစီရင်ခံစာ ရေးခိုင်းရုံလောက်ပဲ သုံးခဲ့ကြပေမဲ့ အခုအခါမှာတော့ ဘတ်ဂျက်ချပေးတာ၊ လူခေါ်တာကအစ ရှုပ်ထွေးတဲ့ မဟာဗျူဟာမြောက် ဆုံး ဖြတ်ချက်တွေအထိ AI က အကြံပေးချက်တွေ၊ လမ်းညွှန်ချက်တွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာရှိလာတာက “AI က အားလုံးကို စဉ်းစားပေးနေရင် ငါတို့ လူသားတွေရဲ့ တကယ့်အလုပ်က ဘာလဲ”ဆိုတာပါပဲ။
AI ဆိုတာ “စက်” ဖြစ်ပြီး လူသားတွေက “အသိဉာဏ်” ဖြစ်တာ
AI က ထောင်ပေါင်းများစွာသော အချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ AI ထုတ်ပေးတဲ့ အဖြေဟာ “ဘာဖြစ်နိုင်ခြေ အများဆုံးလဲ” ဆိုတဲ့ ကိန်းဂဏန်းအပေါ်မှာပဲ အခြေခံတာပါ။ လူသားတွေရဲ့ အလုပ်က အဲဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာရှိတဲ့ အကြောင်းအကျိုး နဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် AI က ကုမ္ပဏီရဲ့ အမြတ်ငွေတိုးဖို့ ဝန်ထမ်းလျှော့ပစ်ဖို့ အကြံပြုနိုင်ပါတယ်။ ဒါဟာ ကိန်းဂဏန်းအရ မှန်ကောင်းမှန်နိုင်ပေမဲ့ လူသားမန်နေဂျာတစ်ယောက်ကတော့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်၊ ကုမ္ပဏီရဲ့ ရေရှည်ပုံရိပ်နဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားရမှာပါ။ ဒါကို ကိုယ်ကျင့်တရားဆိုင်ရာ စီရင်ပိုင်ခွင့် (Moral Judgment)လို့ ခေါ်ပါတယ်။
AI ရဲ့ အဖြေကို စိန်ခေါ်တာ
ဆောင်းပါးရှင် Alf Rehn သတိပေးထားသလိုပါပဲ၊ AI က ပေးတဲ့အဖြေကို မျက်စိမှိတ်ယုံကြည်ပြီး အတည်ပြုရုံပဲ လုပ်နေမယ်ဆိုရင် လူသားတွေရဲ့ “စဉ်းစားနိုင်စွမ်း” တဖြည်းဖြည်း ပျောက်ဆုံးသွားပါလိမ့်မယ်။ အနာဂတ် အလုပ်ခွင်မှာ လူသားတွေရဲ့ အဓိကအလုပ်ဟာ AI ကို ခိုင်းတတ်ဖို့ထက် AI ရဲ့ အဖြေကို ပြန်လည်မေးခွန်းထုတ်တတ်ဖို့ဖြစ်လာပါလိမ့်မယ်။
“ဒီအချက်အလက်တွေက တကယ်ပဲ တိကျရဲ့လား”
“AI က ဘယ်လို Logic မျိုးနဲ့ ဒီအဖြေကို ထုတ်ပေးတာလဲ”
“ဒီဆုံးဖြတ်ချက်က တစ်ဖက်စောင်းနင်း (Bias) ဖြစ်နေသလား”
ဒီလို မေးခွန်းထုတ်နိုင်တဲ့ “ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking)” ဟာ အနာဂတ်မှာ တန်ဖိုးအရှိဆုံး ကျွမ်းကျင်မှု ဖြစ်လာမှာပါ။
တာဝန်ယူမှုနှင့် တာဝန်ခံမှု
AI က ဆုံးဖြတ်ချက်တစ်ခု မှားသွားတဲ့အခါ သူ့ကို ထောင်ချလို့မရသလို အလုပ်ကလည်း ထုတ်လို့မရပါဘူး။ အဆုံးစွန်မှာ ဆုံးဖြတ်ချက်တစ်ခုရဲ့ အကျိုးဆက်ကို ခံစားရမှာက လူသားတွေဖြစ်ပြီး တာဝန်ယူရမှာကလည်း လူသားတွေပဲ ဖြစ်ပါတယ်။ AI က အကြံပြုလို့ ဘတ်ဂျက်တွေ အလွဲသုံးစားဖြစ်သွားရင် “AI က ခိုင်းလို့ပါ” ဆိုတဲ့ ဆင်ခြေက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူသားတွေရဲ့ အလုပ်ဟာ AI ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်စစ်ဆေးတဲ့ “Audit & Oversight” အခန်းကဏ္ဍကို ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ပေါင်းကူးဆက်သွယ်ပေးသူ
AI က စာတွေရေးနိုင်တယ်၊ ဗီဒီယိုတွေ ဖန်တီးနိုင်ပေမဲ့ လူသားအချင်းချင်းကြားမှာရှိတဲ့ ကိုယ်ချင်းစာတရားနဲ့ ယုံကြည်မှုကိုတော့ တည်ဆောက်လို့မရပါဘူး။ အလုပ် ခွင်မှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ဝန်ထမ်းတွေ လက်ခံလာအောင် စည်းရုံးတာ၊ စိတ်ဓာတ်မြှင့်တင်ပေးတာနဲ့ အသင်းအဖွဲ့ကို စုစည်းတာတွေဟာ လူသားတွေပဲ လုပ်နိုင်တဲ့ အလုပ်တွေပါ။ AI က ဆုံးဖြတ်ချက်ချပေးရင် လူသားက အဲဒီဆုံးဖြတ်ချက်ကို “ဘာသာစကား” နဲ့ “ခံစားချက်” ပေါင်းစပ်ပြီး အ ကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
မဟာဗျူဟာမြောက် တီထွင်ဖန်တီးမှု
AI က ရှိပြီးသား အချက်အလက်တွေကို ပြန်ပေါင်းစပ်တာမှာ တော်ပေမဲ့ Zero to One(မရှိရာကနေ အသစ်ဖန်တီးခြင်း) မှာတော့ လူသားကို မယှဉ်နိုင်သေးပါဘူး။ အနာဂတ်မှာ လူသားတွေရဲ့ အလုပ်ဟာ AI မမြင်နိုင်တဲ့ နယ်ပယ်အသစ်တွေကို ရှာဖွေတာ၊ ခန့်မှန်းရခက်တဲ့ ပြဿနာတွေကို ဖြေရှင်းတာနဲ့ မတူညီတဲ့ နယ်ပယ်နှစ်ခုကို ဆန်းသစ်တဲ့နည်းလမ်းနဲ့ ချိတ်ဆက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ AI ခေတ်မှာ လူသားတွေရဲြ အလုပ်ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြောင်းလဲသွားမှာတော့အသေအချာပါပဲ။ အရင်က “လုပ်ကိုင်သူ ” အဖြစ်ကနေအခုအခါမှာ “ကြီးကြပ်သူ” “ဝေဖန်ပိုင်းခြားသူ” နဲ့ “တာဝန်ယူသူ (Responsible Leader)”အဖြစ် ပြောင်းလဲရမှာပါ။
အချုပ်အားဖြင့် ဆိုရရင် AI က “ဘယ်လိုလုပ်မလဲ “ ဆိုတာကို ဖြေပေးတဲ့အခါ လူသားတွေက “ဘာကြောင့်လုပ်မှာလဲ)” နဲ့ “တကယ်လုပ်သင့်ရဲ့လား” ဆိုတဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ ပြင်ဆင်ထားရပါမယ်။ အဲဒါမှသာ လူသားတွေဟာ စက်တွေရဲ့ လက်အောက်ခံ မဖြစ်ဘဲ AI ကို အစွမ်းထက်တဲ့ လက်နက်တစ်ခုလို ထိထိရောက်ရောက် အသုံးချနိုင်သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
ZAWGYI
ယေန႔ေခတ္ စီးပြားေရးေလာကနဲ႔ အလုပ္ခြင္ေတြမွာ Artificial Intelligence (AI) ရဲ႕ အခန္းက႑က အရွိန္အဟုန္နဲ႔ ျမင့္တက္လာေနပါတယ္။ အရင္က AI ကို အခ်က္ အလက္ ရွာေဖြ႐ုံ၊ အစီရင္ခံစာ ေရးခိုင္း႐ုံေလာက္ပဲ သုံးခဲ့ၾကေပမဲ့ အခုအခါမွာေတာ့ ဘတ္ဂ်က္ခ်ေပးတာ၊ လူေခၚတာကအစ ရႈပ္ေထြးတဲ့ မဟာဗ်ဴဟာေျမာက္ ဆုံး ျဖတ္ခ်က္ေတြအထိ AI က အႀကံေပးခ်က္ေတြ၊ လမ္းၫႊန္ခ်က္ေတြ ထုတ္ေပးေနၿပီ ျဖစ္ပါတယ္။ ဒီေနရာမွာ ေမးစရာရွိလာတာက “AI က အားလုံးကို စဥ္းစားေပးေနရင္ ငါတို႔ လူသားေတြရဲ႕ တကယ့္အလုပ္က ဘာလဲ”ဆိုတာပါပဲ။
AI ဆိုတာ “စက္” ျဖစ္ၿပီး လူသားေတြက “အသိဉာဏ္” ျဖစ္တာ
AI က ေထာင္ေပါင္းမ်ားစြာေသာ အခ်က္အလက္ေတြကို စကၠန႔္ပိုင္းအတြင္း တြက္ခ်က္ၿပီး အေျဖထုတ္ေပးႏိုင္တာ မွန္ပါတယ္။ ဒါေပမဲ့ AI ထုတ္ေပးတဲ့ အေျဖဟာ “ဘာျဖစ္ႏိုင္ေျခ အမ်ားဆုံးလဲ” ဆိုတဲ့ ကိန္းဂဏန္းအေပၚမွာပဲ အေျခခံတာပါ။ လူသားေတြရဲ႕ အလုပ္က အဲဒီကိန္းဂဏန္းေတြရဲ႕ ေနာက္ကြယ္မွာရွိတဲ့ အေၾကာင္းအက်ိဳး နဲ႔ တန္ဖိုးကို ဆုံးျဖတ္ဖို႔ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ AI က ကုမၸဏီရဲ႕ အျမတ္ေငြတိုးဖို႔ ဝန္ထမ္းေလွ်ာ့ပစ္ဖို႔ အႀကံျပဳႏိုင္ပါတယ္။ ဒါဟာ ကိန္းဂဏန္းအရ မွန္ေကာင္းမွန္ႏိုင္ေပမဲ့ လူသားမန္ေနဂ်ာတစ္ေယာက္ကေတာ့ ဝန္ထမ္းေတြရဲ႕ စိတ္ဓာတ္၊ ကုမၸဏီရဲ႕ ေရရွည္ပုံရိပ္နဲ႔ လူမႈေရးဆိုင္ရာ သက္ေရာက္မႈေတြကို ထည့္သြင္းစဥ္းစားရမွာပါ။ ဒါကို ကိုယ္က်င့္တရားဆိုင္ရာ စီရင္ပိုင္ခြင့္ (Moral Judgment)လို႔ ေခၚပါတယ္။
AI ရဲ႕ အေျဖကို စိန္ေခၚတာ
ေဆာင္းပါးရွင္ Alf Rehn သတိေပးထားသလိုပါပဲ၊ AI က ေပးတဲ့အေျဖကို မ်က္စိမွိတ္ယုံၾကည္ၿပီး အတည္ျပဳ႐ုံပဲ လုပ္ေနမယ္ဆိုရင္ လူသားေတြရဲ႕ “စဥ္းစားႏိုင္စြမ္း” တျဖည္းျဖည္း ေပ်ာက္ဆုံးသြားပါလိမ့္မယ္။ အနာဂတ္ အလုပ္ခြင္မွာ လူသားေတြရဲ႕ အဓိကအလုပ္ဟာ AI ကို ခိုင္းတတ္ဖို႔ထက္ AI ရဲ႕ အေျဖကို ျပန္လည္ေမးခြန္းထုတ္တတ္ဖို႔ျဖစ္လာပါလိမ့္မယ္။
“ဒီအခ်က္အလက္ေတြက တကယ္ပဲ တိက်ရဲ႕လား”
“AI က ဘယ္လို Logic မ်ိဳးနဲ႔ ဒီအေျဖကို ထုတ္ေပးတာလဲ”
“ဒီဆုံးျဖတ္ခ်က္က တစ္ဖက္ေစာင္းနင္း (Bias) ျဖစ္ေနသလား”
ဒီလို ေမးခြန္းထုတ္ႏိုင္တဲ့ “ေဝဖန္ပိုင္းျခားႏိုင္စြမ္း (Critical Thinking)” ဟာ အနာဂတ္မွာ တန္ဖိုးအရွိဆုံး ကြၽမ္းက်င္မႈ ျဖစ္လာမွာပါ။
တာဝန္ယူမႈႏွင့္ တာဝန္ခံမႈ
AI က ဆုံးျဖတ္ခ်က္တစ္ခု မွားသြားတဲ့အခါ သူ႔ကို ေထာင္ခ်လို႔မရသလို အလုပ္ကလည္း ထုတ္လို႔မရပါဘူး။ အဆုံးစြန္မွာ ဆုံးျဖတ္ခ်က္တစ္ခုရဲ႕ အက်ိဳးဆက္ကို ခံစားရမွာက လူသားေတြျဖစ္ၿပီး တာဝန္ယူရမွာကလည္း လူသားေတြပဲ ျဖစ္ပါတယ္။ AI က အႀကံျပဳလို႔ ဘတ္ဂ်က္ေတြ အလြဲသုံးစားျဖစ္သြားရင္ “AI က ခိုင္းလို႔ပါ” ဆိုတဲ့ ဆင္ေျခက အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ လူသားေတြရဲ႕ အလုပ္ဟာ AI ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေစာင့္ၾကည့္စစ္ေဆးတဲ့ “Audit & Oversight” အခန္းက႑ကို ပိုမိုလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
ေပါင္းကူးဆက္သြယ္ေပးသူ
AI က စာေတြေရးႏိုင္တယ္၊ ဗီဒီယိုေတြ ဖန္တီးႏိုင္ေပမဲ့ လူသားအခ်င္းခ်င္းၾကားမွာရွိတဲ့ ကိုယ္ခ်င္းစာတရားနဲ႔ ယုံၾကည္မႈကိုေတာ့ တည္ေဆာက္လို႔မရပါဘူး။ အလုပ္ ခြင္မွာ ဆုံးျဖတ္ခ်က္တစ္ခု ခ်လိုက္ၿပီဆိုရင္ အဲဒီဆုံးျဖတ္ခ်က္ကို ဝန္ထမ္းေတြ လက္ခံလာေအာင္ စည္း႐ုံးတာ၊ စိတ္ဓာတ္ျမႇင့္တင္ေပးတာနဲ႔ အသင္းအဖြဲ႕ကို စုစည္းတာေတြဟာ လူသားေတြပဲ လုပ္ႏိုင္တဲ့ အလုပ္ေတြပါ။ AI က ဆုံးျဖတ္ခ်က္ခ်ေပးရင္ လူသားက အဲဒီဆုံးျဖတ္ခ်က္ကို “ဘာသာစကား” နဲ႔ “ခံစားခ်က္” ေပါင္းစပ္ၿပီး အ ေကာင္အထည္ေဖာ္ရမွာ ျဖစ္ပါတယ္။
မဟာဗ်ဴဟာေျမာက္ တီထြင္ဖန္တီးမႈ
AI က ရွိၿပီးသား အခ်က္အလက္ေတြကို ျပန္ေပါင္းစပ္တာမွာ ေတာ္ေပမဲ့ Zero to One(မရွိရာကေန အသစ္ဖန္တီးျခင္း) မွာေတာ့ လူသားကို မယွဥ္ႏိုင္ေသးပါဘူး။ အနာဂတ္မွာ လူသားေတြရဲ႕ အလုပ္ဟာ AI မျမင္ႏိုင္တဲ့ နယ္ပယ္အသစ္ေတြကို ရွာေဖြတာ၊ ခန႔္မွန္းရခက္တဲ့ ျပႆနာေတြကို ေျဖရွင္းတာနဲ႔ မတူညီတဲ့ နယ္ပယ္ႏွစ္ခုကို ဆန္းသစ္တဲ့နည္းလမ္းနဲ႔ ခ်ိတ္ဆက္တာမ်ိဳးေတြ ျဖစ္လာပါလိမ့္မယ္။ AI ေခတ္မွာ လူသားေတြရဲျ အလုပ္ဟာ ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ေျပာင္းလဲသြားမွာေတာ့အေသအခ်ာပါပဲ။ အရင္က “လုပ္ကိုင္သူ ” အျဖစ္ကေနအခုအခါမွာ “ႀကီးၾကပ္သူ” “ေဝဖန္ပိုင္းျခားသူ” နဲ႔ “တာဝန္ယူသူ (Responsible Leader)”အျဖစ္ ေျပာင္းလဲရမွာပါ။
အခ်ဳပ္အားျဖင့္ ဆိုရရင္ AI က “ဘယ္လိုလုပ္မလဲ “ ဆိုတာကို ေျဖေပးတဲ့အခါ လူသားေတြက “ဘာေၾကာင့္လုပ္မွာလဲ)” နဲ႔ “တကယ္လုပ္သင့္ရဲ႕လား” ဆိုတဲ့ ေမးခြန္းေတြကို ေျဖဆိုဖို႔ ျပင္ဆင္ထားရပါမယ္။ အဲဒါမွသာ လူသားေတြဟာ စက္ေတြရဲ႕ လက္ေအာက္ခံ မျဖစ္ဘဲ AI ကို အစြမ္းထက္တဲ့ လက္နက္တစ္ခုလို ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္သူေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply