အခုခေတ် ရုံးတွင်း ယဉ်ကျေးမှုမှာ အရင်က စည်းကမ်းဟောင်းတွေ အများကြီး ပြောင်းလဲသွားပါပြီ။ ဥပမာ အထက်လူကြီးကို နာမည်တပ်ခေါ်တာ၊ ပေါ့ပေါ့ပါးပါး ဝတ်စားတာနဲ့ အိမ်ကနေ အလုပ်လုပ်တာမျိုးတွေပေါ့။ ဒါပေမဲ့ အခုထိ မပြောင်းလဲသေးတဲ့ အယူအဆတစ်ခုကတော့ “လုပ်ဖော်ကိုင်ဖက် အချင်းချင်း လစာအကြောင်း မပြောတာ အကောင်းဆုံးပဲ” ဆိုတဲ့ အချက်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ဘာပြောလဲဆိုတာ ကြည့်ကြရအောင်။
လစာအကြောင်းပြောလို့ အလုပ်ပြုတ်နိုင်သလား
ဝန်မ်း အတော်များများက လစာအကြောင်း နှိုင်းယှဉ်မိရင် အလုပ်ရှင်က အရေးယူမလားလို့ စိုးရိမ်ကြပါတယ်။ ရှေ့နေ David Reischer ကတော့ “လုံးဝ မပြုတ်နိုင်ပါဘူး” လို့ ဆိုပါတယ်။ တကယ်တော့ အလုပ်ရှင်တွေက “လစာကို လျှို့ဝှက်ထားရမယ်” ဆိုတဲ့ စည်းကမ်းချက်ထုတ်တာဟာ တရားမဝင်ပါဘူး။ အမေရိကန် ဥပဒေအရ ဝန်ထမ်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် လစာအကြောင်း ဆွေးနွေးခွင့် အပြည့်အဝ ရှိတယ်လို့ ဆိုပါတယ်။
ပွင့်လင်းမြင်သာမှုရှိခြင်းရဲ့ အားသာချက်များ
လစာအကြောင်း အချင်းချင်း ပြောပြကြတဲ့အခါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ အားသာချက်တွေကတော့ ကိုယ့်တန်ဖိုးကို သိလာတာပါ။ ကိုယ့်ရဲ့ လုပ်အားခဟာ ဈေး ကွက်ထဲမှာ ဘယ်လောက်ရသင့်လဲဆိုတာ ပိုသိလာစေပါတယ်။ နောက်တချက်က အတင်းအဖျင်း နည်းသွားစေတာပါ။ အချင်းချင်း ခိုးကြောင်ခိုးဝှက် စပ်စုနေရတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အားလုံး ပွင့်လင်းသွားရင်တော့ အလုပ်ကို ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။တတိယအချက်က ခွဲခြားဆက်ဆံမှုကို ဖော်ထုတ်နိုင်တာပါ။ ဥပမာ အမျိုးသမီးဖြစ်လို့ လစာနည်းနေတာလား၊ အသက်ကြီးလို့လား စတဲ့ မတရားတဲ့ ခွဲခြားမှုတွေကို ရှာဖွေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။
တစ်ကိုယ်ရေ လျှို့ဝှက်ထားသင့်တဲ့ အကြောင်းရင်းများ
ဒါပေမဲ့ တဖက်မှာလည်း လစာကို အချင်းချင်းပြောတဲ့အခါ ဆိုးကွက်တွေလည်း ရှိနေပါတယ်။HR ကျွမ်းကျင်သူတွေကတော့ လစာမပြောဖို့ တားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နှိုင်းယှဉ်ရခက်လို့ပါ။ ရာထူးတူရင်တောင်မှ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ကုမ္ပဏီမှာလုပ်တဲ့သက်တမ်းနဲ့ အထူးပြုလေ့လာထားတာတွေ မတူရင် လစာက ကွာခြားနိုင်ပါတယ်။ ဒါကို သေချာနားမလည်ဘဲ နှိုင်းယှဉ်ရင် စိတ်ပျက်စရာပဲ ဖြစ်လာပါလိမ့်မယ်တဲ့။ နောက်တချက်က မနာလိုမှုတွေ ဖြစ်လာနိုင်တာပါ။ “ဟိုလူက ငါ့ထက် ပိုရနေပါလား” ဆိုတဲ့ အသိက လုပ်ငန်းခွင်မှာ မနာလိုစိတ်နဲ့ စိတ်ဝမ်းကွဲမှုတွေကို ဖြစ်စေပြီး အလုပ်လုပ်ချင်စိတ် (Productivity) ကို ကျဆင်းစေနိုင်တာကြောင့်လို့ ဆိုပါတယ်။
ကိုယ့်ရဲ့ တန်ဖိုးကို ဘယ်လို တောင်းဆိုမလဲ
တကယ်လို့ သင်က လစာနည်းနေတယ်လို့ ထင်ရင် လုပ်ဖော်ကိုင်ဖက်တွေကို လိုက်မေးနေမယ့်အစားကိုယ့်ဘာကိုယ် သုတေသနလုပ်ပါ။ အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုဒ်တွေမှာ မိမိရာထူးရဲ့ ပေါက်ဈေးကို အရင်စစ်ဆေးပါ။ မန်နေဂျာနဲ့ တိုက်ရိုက်စကားပြောပါ။ တခြားလူနာမည်ကို အသုံးမပြုဘဲ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ ဈေးကွက်ပေါက်ဈေးအရ လစာတိုးပေးဖို့ စဉ်းစားပေးပါလို့ တောင်းဆိုပါ။ပြီးရင်အဖြေကို နားထောင်ပါ။ ကုမ္ပဏီက တိုးပေးချင်မှ တိုးပေးမှာပါ။ တကယ်လို့အ ကြောင်းပြချက်မရှိဘဲ မတိုးပေးဘူးဆိုရင်တော့ သင့်တန်ဖိုးကို အသိအမှတ်ပြုမယ့် အလုပ်အသစ်တစ်ခုကို ရှာဖွေဖို့ ပြင်ဆင်သင့်ပါပြီ။
လစာအကြောင်း ပြောတာဟာ တရားဝင်ပေမဲ့၊ အချင်းချင်းကြားမှာ မနာလိုမှုတွေ မဖြစ်အောင်တော့ သတိထားဖို့ လိုပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင်သိနေဖို့နဲ့ အလုပ်ရှင်နဲ့ စနစ်တကျ ဆွေးနွေးတတ်ဖို့ပဲ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
အခုေခတ္ ႐ုံးတြင္း ယဥ္ေက်းမႈမွာ အရင္က စည္းကမ္းေဟာင္းေတြ အမ်ားႀကီး ေျပာင္းလဲသြားပါၿပီ။ ဥပမာ အထက္လူႀကီးကို နာမည္တပ္ေခၚတာ၊ ေပါ့ေပါ့ပါးပါး ဝတ္စားတာနဲ႔ အိမ္ကေန အလုပ္လုပ္တာမ်ိဳးေတြေပါ့။ ဒါေပမဲ့ အခုထိ မေျပာင္းလဲေသးတဲ့ အယူအဆတစ္ခုကေတာ့ “လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း လစာအေၾကာင္း မေျပာတာ အေကာင္းဆုံးပဲ” ဆိုတဲ့ အခ်က္ပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္သူေတြက ဘာေျပာလဲဆိုတာ ၾကည့္ၾကရေအာင္။
လစာအေၾကာင္းေျပာလို႔ အလုပ္ျပဳတ္ႏိုင္သလား
ဝန္မ္း အေတာ္မ်ားမ်ားက လစာအေၾကာင္း ႏႈိင္းယွဥ္မိရင္ အလုပ္ရွင္က အေရးယူမလားလို႔ စိုးရိမ္ၾကပါတယ္။ ေရွ႕ေန David Reischer ကေတာ့ “လုံးဝ မျပဳတ္ႏိုင္ပါဘူး” လို႔ ဆိုပါတယ္။ တကယ္ေတာ့ အလုပ္ရွင္ေတြက “လစာကို လွ်ိဳ႕ဝွက္ထားရမယ္” ဆိုတဲ့ စည္းကမ္းခ်က္ထုတ္တာဟာ တရားမဝင္ပါဘူး။ အေမရိကန္ ဥပေဒအရ ဝန္ထမ္းေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ လစာအေၾကာင္း ေဆြးေႏြးခြင့္ အျပည့္အဝ ရွိတယ္လို႔ ဆိုပါတယ္။
ပြင့္လင္းျမင္သာမႈရွိျခင္းရဲ႕ အားသာခ်က္မ်ား
လစာအေၾကာင္း အခ်င္းခ်င္း ေျပာျပၾကတဲ့အခါ ရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြ အားသာခ်က္ေတြကေတာ့ ကိုယ့္တန္ဖိုးကို သိလာတာပါ။ ကိုယ့္ရဲ႕ လုပ္အားခဟာ ေဈး ကြက္ထဲမွာ ဘယ္ေလာက္ရသင့္လဲဆိုတာ ပိုသိလာေစပါတယ္။ ေနာက္တခ်က္က အတင္းအဖ်င္း နည္းသြားေစတာပါ။ အခ်င္းခ်င္း ခိုးေၾကာင္ခိုးဝွက္ စပ္စုေနရတာဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာပါ။ အားလုံး ပြင့္လင္းသြားရင္ေတာ့ အလုပ္ကို ပိုၿပီး အာ႐ုံစိုက္လာႏိုင္ပါတယ္။တတိယအခ်က္က ခြဲျခားဆက္ဆံမႈကို ေဖာ္ထုတ္ႏိုင္တာပါ။ ဥပမာ အမ်ိဳးသမီးျဖစ္လို႔ လစာနည္းေနတာလား၊ အသက္ႀကီးလို႔လား စတဲ့ မတရားတဲ့ ခြဲျခားမႈေတြကို ရွာေဖြႏိုင္ၿပီး ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ပါတယ္။
တစ္ကိုယ္ေရ လွ်ိဳ႕ဝွက္ထားသင့္တဲ့ အေၾကာင္းရင္းမ်ား
ဒါေပမဲ့ တဖက္မွာလည္း လစာကို အခ်င္းခ်င္းေျပာတဲ့အခါ ဆိုးကြက္ေတြလည္း ရွိေနပါတယ္။HR ကြၽမ္းက်င္သူေတြကေတာ့ လစာမေျပာဖို႔ တားၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏႈိင္းယွဥ္ရခက္လို႔ပါ။ ရာထူးတူရင္ေတာင္မွ အေတြ႕အႀကဳံ၊ ကြၽမ္းက်င္မႈ၊ ကုမၸဏီမွာလုပ္တဲ့သက္တမ္းနဲ႔ အထူးျပဳေလ့လာထားတာေတြ မတူရင္ လစာက ကြာျခားႏိုင္ပါတယ္။ ဒါကို ေသခ်ာနားမလည္ဘဲ ႏႈိင္းယွဥ္ရင္ စိတ္ပ်က္စရာပဲ ျဖစ္လာပါလိမ့္မယ္တဲ့။ ေနာက္တခ်က္က မနာလိုမႈေတြ ျဖစ္လာႏိုင္တာပါ။ “ဟိုလူက ငါ့ထက္ ပိုရေနပါလား” ဆိုတဲ့ အသိက လုပ္ငန္းခြင္မွာ မနာလိုစိတ္နဲ႔ စိတ္ဝမ္းကြဲမႈေတြကို ျဖစ္ေစၿပီး အလုပ္လုပ္ခ်င္စိတ္ (Productivity) ကို က်ဆင္းေစႏိုင္တာေၾကာင့္လို႔ ဆိုပါတယ္။
ကိုယ့္ရဲ႕ တန္ဖိုးကို ဘယ္လို ေတာင္းဆိုမလဲ
တကယ္လို႔ သင္က လစာနည္းေနတယ္လို႔ ထင္ရင္ လုပ္ေဖာ္ကိုင္ဖက္ေတြကို လိုက္ေမးေနမယ့္အစားကိုယ့္ဘာကိုယ္ သုေတသနလုပ္ပါ။ အလုပ္အကိုင္ရွာေဖြေရး ဝဘ္ဆိုဒ္ေတြမွာ မိမိရာထူးရဲ႕ ေပါက္ေဈးကို အရင္စစ္ေဆးပါ။ မန္ေနဂ်ာနဲ႔ တိုက္႐ိုက္စကားေျပာပါ။ တျခားလူနာမည္ကို အသုံးမျပဳဘဲ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ေဈးကြက္ေပါက္ေဈးအရ လစာတိုးေပးဖို႔ စဥ္းစားေပးပါလို႔ ေတာင္းဆိုပါ။ၿပီးရင္အေျဖကို နားေထာင္ပါ။ ကုမၸဏီက တိုးေပးခ်င္မွ တိုးေပးမွာပါ။ တကယ္လို႔အ ေၾကာင္းျပခ်က္မရွိဘဲ မတိုးေပးဘူးဆိုရင္ေတာ့ သင့္တန္ဖိုးကို အသိအမွတ္ျပဳမယ့္ အလုပ္အသစ္တစ္ခုကို ရွာေဖြဖို႔ ျပင္ဆင္သင့္ပါၿပီ။
လစာအေၾကာင္း ေျပာတာဟာ တရားဝင္ေပမဲ့၊ အခ်င္းခ်င္းၾကားမွာ မနာလိုမႈေတြ မျဖစ္ေအာင္ေတာ့ သတိထားဖို႔ လိုပါတယ္။ အဓိကကေတာ့ ကိုယ့္ရဲ႕ တန္ဖိုးကို ကိုယ္တိုင္သိေနဖို႔နဲ႔ အလုပ္ရွင္နဲ႔ စနစ္တက် ေဆြးေႏြးတတ္ဖို႔ပဲ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply