တာဝန်ရှိတဲ့ပါဝါ
မမိုးခိုင်
ကျွန်မရဲ့ စီးပွားရေးကျင့်ဝတ် business ethics အတန်းကို တက်ရရင် ပထမဆုံးပေးတဲ့အိမ်စာက Spiderman ရုပ်ရှင်ကားကို ကြည့်ဖို့ ဖြစ်ပါတယ်။
Spiderman ရုပ်ရှင်ထဲက နာမည်ကျော်တဲ့ ကိုးကားချက် “With great power comes greatresponsibility.” ကို သိကြစေချင်လို့ပါ။
Spiderman ရုပ်ရှင်ကားကို ၂၀၀၂ ခုနှစ်မှာ ဒါရိုက်တာ Sam Raimi က ရိုက်ကူးခဲ့ပါတယ်။ရုပ်ရှင်က နာမည်ကျော် ကာတွန်း ဖန်တီးရှင် Stan Lee ရဲ့ Marvel Superheroကာတွန်းရုပ်ကို ဇတ်လမ်းဖွဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Tobey Maguire က Spidermanဖြစ်လာမဲ့ Peter Parker အဖြစ်၊ Kirsten Dunst က Mary Janes Watson အဖြစ်၊ James Franco က Harry Osborn အဖြစ်၊ Willem Dafoe က Green Goblin အဖြစ် သရုပ်ဆောင်ထားကြပါတတယ်။
ပီတာပါကာဟာ မိဘမဲ့ဖြစ်ပြီး သူ့ကို ဦးလေးဘန် နဲ့ အန်တီမေ တို့က စောင့်ရှောက်ထားတာဖြစ်ပါတယ်။ သိပ္ပံပညာတော်ပြီး လူတောသိပ်မတိုးတဲ့၊ သူများက ဗိုလ်ကျတာ အမြဲခံရတဲ့ကျောင်းသား ဖြစ်ပါတယ်။ သူ့မှာ အခင်ဆုံး သူငယ်ချင်း ဟယ်ရီရှိပြီး၊ ဟယ်ရီကတော့လုပ်ငန်းရှင်ကြိးရဲ့ တစ်ဦးထဲသောသား ဖြစ်ပါတယ်။ သူတို့သူငယ်ချင်း နှစ်ယောက်စလုံးကသဘောကျနေတဲ့ မေရီဂျိမ်း ကတော့ ပီတာနဲ့ အိမ်းနီးချင်းလဲဖြစ်၊ အတန်းတူလဲ ဖြစ်ပါတယ်။တစ်နေ့မှာ တစ်တန်းလုံး လေ့လာရေး သွားကြပါတယ်။ လေ့လာရေးမှာ ပင့်ကူတွေကိုကြည့်နေကြတုန်း လှောင်အိမ်ကနေ လွတ်သွားတဲ့ ပင့်ကူက ပီတာရဲ့ လက်ပေါ်ကို ကျလာပြီးကိုက်လိုက်ပါတယ်။ အဲဒီ ပင့်ကူဟာ မျိုးရိုးဗီဇ ပြောင်းထားတဲ့ ပင့်ကူမို့ အန္တယ်ကြီးတဲ့ပင့်ကူမျိုး ဖြစ်ပါတယ်။
ပီတာဟာ ပင့်ကူအကိုက်ခံရတဲ့ ဒဏ်ရာနဲ့ နေမကောင်းဖြစ်ပြီး အိမ်ကိုပြန်လာပါတယ်။တစ်ညလုံး သူ့ရဲ့ မျိုးရိုးဗီဇတွေလဲ ကမောက်ကမ ဖြစ်ကုန်ပြီး မနက်နိုးလာတော့ သူ့ရဲ့ခန္ဓာကိုယ်က ပြောင်းလဲ နေတာကို တွေ့ပါတယ်။ကျောင်းကိုရောက်သွားတဲ့ အခါကျတော့ နေ့လည်စာ စားတဲ့ အချိန်မှာ သူ့ရဲ့လက်ကနေပင့်ကူမျှင်တွေ ထွက်လာတာကို တွေ့ရတယ်။ သူဟာ ပင့်ကူမျှင်တွေ သွားကပ်မိတဲ့နေ့လည်စာဗန်းကို ဆွဲယူလိုက်စဉ်မှာ သူ့ကို အနိုင်ကျင့်နေကျ ကျောင်းသားရဲ့ ကိုယ်ပေါ်ကိုမှောက်ကျသွားလို့ ရန်ပွဲနဲ့ ကြုံပါတယ်။ ခါတိုင်း သူ့ကို အနိုင်ကျင့်နေကျ ကျောင်းသားကိုဒိတစ်ခါမှာတော့ ပင့်ကူလူသား အစွမ်းနဲ့ ပီတာက အနိုင်ရခဲ့ပါတယ်။ကျောင်းမှာ ပီတာ ရန်ဖြစ်လာတာကို သိလို့ သူရဲ့ ဦးလေးက သူ့ကို ဆုံးမစကား ပြောပါတယ်။
အဲဒီစကားကတော့ အထက်မှာဖော်ပြခဲ့တဲ့ “ပါဝါကြီးလာရင် တာဝန်လဲကြီးပါတယ်” ဆိုတဲ့စကားပါပဲ။ သူခမြာ ပီတာ့မှာ ပင့်ကူလူသားအစွမ်းတွေ ရှိနေပြီဆိုတာက်ု မသ်တဲ့တိုင်အောင်လက်ရုံးအားကိုးပြီး ပြဿနာကို ဖြေရှင်းတာ နည်းလမ်းမှန် မဟုတ်ဘူးလို့ ဆုံးမပါတယ်။ပီတာဟာ သူရထားတဲ့ ပင့်ကူလူသား အစွမ်းကို ပထမဦးဆုံး အသုံးပြုဖို့ ကြံစည်တာကကောင်းတဲ့ ကိစ္စအတွက်တော့ မဟုတ်ပါဘူး။ သူသဘောကျနေတဲ့ မေရီဂျိမ်းကို တတ်နိုင်တဲ့ကျောင်းသားက မော်တော်ကားနဲ့ လာခေါ်သွားတာကို တွေ့ရတော့ မေရီဂျိမ်းအထင်ကြီးအောင် မော်တော်ကား တစ်စီး လိုချင်နေပါတယ်။ အဲဒီ အချိန်မှာ ကြော်ငြာတစ်ခုကနေ တရားမဝင်လုပ်တဲ့ နပန်းပွဲမှာ အနိုင်ရရင် ဆုကြေးပေးမယ်ဆိုတာကိုတွေ့သွားပါတယ်။ ပီတာဟာ မော်တော်ကားတစ်စီး ဝယ်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ သူ့ရဲ့ပင့်ကူပါဝါကို သုံးပြီး နပန်းသတ်ဖို့ သွားခဲ့ပါတယ်။ သူ့ကို လိုက်ပို့တဲ့ ဦးလေးကိုတော့စာကြည့်တိုက်ကို သွားမှာလို့ ညာပြောခဲ့ပါတယ်။
နပန်းပွဲမှာ ပီတာ အနိုင်ရပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်သူက ညစ်ပြီး သူ့ကို ဆုကြေး မပေးပါဘူး။ပီတာရုံးခန်းက ထွက်လာတဲ့ အခါမှာ ပွဲစီစဉ်သူကို သေနတ်ကိုင်တစ်ယောက်ဓါးပြတိုက်ပါတယ်။ ရုံးခန်းကနေ ထွက်ပြေးလာတဲ့ လူဆိုးကို တားပေးဖို့ ပွဲစီစဉ်တဲ့သူကပီတာကို အကူအညီတောင်းတဲ့ အခါမှာ ပီတာကလဲ ပြန်ညစ်ပြီး အကူအညီ မပေးခဲ့ပါဘူး။အဲဒီလူဆိုးကပဲ အပြင်ကိုရောက်တော့ ပီတာရဲ့ ဦးလေးဆီက မော်တော်ကားကို လုယူပြီးသေနတ်နဲ့ပစ်ခဲ့လို့ သေသွားရှာပါတယ်။ပီတာဟာ ဝဋ်လည်ခြင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။ ရာဇဝတ်မှုတစ်ခုဖြစ်လာတဲ့ အချိန်မှာ သူ့ရဲ့ တာဝန်မဲ့ပြုမူမှုဟာ သူ့ဘဝကို ချက်ခြင်းပဲအကျိုးပေးပါတော့တယ်။ ဦးလေးရဲ့ စကားကို နားမဝင်မိပဲ သူ့မှာရှိတဲ့ အစွမ်းသတ္တိကိုကိုယ်ကျိုးရှာတဲ့ နေရာမှာ သုံးမိတာကိုလဲ စိတ်မကောင်း ဖြစ်သွားပါတယ်။ ပီတာဟာအဲဒီအချိန်ကစပြီး သူ့မှာရှိတဲ့ ပင့်ကူလူသားအစွမ်းကို အသုံးပြုပြီး အများပြည်သူကို ကူညီမဲ့Spiderman အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဇတ်လမ်းမှာ Spiderman နဲ့ အားပြိုင်ရတဲ့သူက Green Goblin ဖြစ်လာတဲ့သူပါ။ Osborn(Green Goblin) ရဲ့ ကုမ္ပဏီဟာ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းတွေကို စစ်တပ်ကလက်နက်အဖြစ်သုံးဖို့ စမ်းသပ်ပေးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင် Osborn ကSpiderman ရဲ့ သူငယ်ချင်း ဟယ်ရီရဲ့ အဖေ ဖြစ်ပါတယ်။ သူ့တို့ စမ်းသပ်နေတဲ့ နည်းပညာကအသုံးပြုနိုင်တဲ့ အဆင့်ရောက်အောင် မြန်မြန်လုပ်ပေးဖို့ စစ်တပ်က ဖိအားပေးလာပါတယ်။Osborn က သူကိုယ်တိုင် အစမ်းသပ်ခံအဖြစ် စွန့်စားပြီး နည်းပညာကို စမ်းသပ်ခဲ့လို့နည်းပညာအသစ်ကို အသုံးပြုနိုင်သွားပါတယ်။Osborn က သူပိုင်ဆိုင်တဲ့ အစွမ်းထက်လှတဲ့ နည်းပညာကို အကျိုးရှိအောင်သုံးဖို့စိတ်မကူးပါဘူး။ သူ့ကိုသူ Green Goblin အမည်ခံပြီး သူ့ကို အလုပ်မပေးခဲ့တဲ့ စစ်တပ်ကအရာရှိကြီးတွေ၊ ကုမ္ပဏီ ကနေ မောင်းထုတ်ခဲ့တဲ့သူတွေကို တိုက်ခိုက်ခဲ့ပါတယ်။
သူတိုက်ခိုက်တဲ့ အခါမှာ လူတွေကို Spiderman က ကယ်တင်နေတာကိုတွေ့သွားပါတယ်။ပီတာက Spiderman ဆိုတာကိုသိသွားတဲ့ အခါမှာ သူနဲ့ ပူးပေါင်းဖို့ စည်းရုံးပါတယ်။အင်အားကြီးလာရင် လုပ်သမျှရလာနိုင်မယ့် အကျိုးအမြတ်က မက်စရာပဲကိုး။ဒါပေမယ့်ပီတာဟာ သူ့ပါဝါနဲ့ ဘယ်ဖက်မှာ ရပ်ရမလဲဆိုတာကို သေချာသိပြီးသားဖြစ်နေပါပြီ။ Green Goblin ကမ်းလှမ်းချက်ကို လက်မခံတော့ပါဘူး။
စီးပွားရေးကျင့်ဝတ် business ethics ကို သင်တဲ့အခါ ကိုယ့်မှာရှိတဲ့ အားကြီးတဲ့ဩဇာအာဏာပါဝါတွေကို အသုံးပြုရင် တာဝန်သိပ်ကြီးပါလားလို့ သတိပြုမိကြဖို့Spiderman အကြောင်းကို အရင်ဆုံး ပြောရတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မရဲ့ သင်တန်းသားတွေထဲမှာ စီးပွားရေး လောကကို ကိုင်လှုပ်နိုင်မဲ့ ပါဝါတွေရှိတဲ့လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ ခေါင်းဆောင်တွေ ပါနေလို့ပါ။
သူတို့ရဲ့ ထမင်းစားပွဲတစ်ခုမှာ ကျွန်မက စကားပြောရပါတယ်။ “နဂိုကတည်းကစီးပွားရေးအင်အား တောင့်တင်းနေပြီးသား လုပ်ရည်ကိုင်ရည်ရှိပြီးသားလုပ်ငန်းစီမံသူတွေကို စီးပွားရေးနဲ့ ဆိုင်တဲ့ မဟာဘွဲ့ကို သင်ပေးရတာမြင်းကိုဂျိုတပ်ပေးသလိုများ ဖြစ်နေမလား”လို့ ပြောမိပါတယ်။ မြင်းဆိုတဲ့ သတ္တဝါမျိုးဟာပြေးလဲပြေးနိုင်၊ ကန်လဲကန်နိုင်တဲ့ဟာ သူ့ကို ဂျိုတပ်ပေးတော့ ဝှေ့လဲဝှေ့နိုင်ပြီးအင်အားတွေပိုကြီးလာမယ် မဟုတ်လား။ အဲဒီအင်အားကို အကျိုးရှိရာမှာ အသုံးမချပဲမသင့်တော်ရာမှာသုံးရင် လောကကြီးအကျိုးနည်းဖို့ ဖြစ်လာနိုင်တယ်လေ။ရှေ့နေတွေ၊ ဆရာဝန်တွေလို သူများမတတ်တဲ့ ပညာကိုတတ်ပြီး အဲဒီပညာနဲ့ အသက်မွေးတဲ့သူတွေကို Professionals အသက်မွေးဝမ်းကြောင်း ပညာရှင်တွေလို့ ခေါ်ပါတယ်။ သူတို့မှာတတ်ထားတဲ့ပညာနဲ့ အသက်မွေးတဲ့အခါမှာ ကိုယ်ကျိုးမရှာမိစေဖို့၊ ပညာကိုအလွဲမသုံးမိစေဖို့ လိုက်နာရတဲ့ Professional Ethics ရယ်လို့ ရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေလဲ သူများတွေထက်သာတဲ့ လုပ်ရည်ကိုင်ရည် ရှိသူတွေမို့ သူတို့လဲအသက်မွေးဝမ်းကြောင်း ပညာရှင်တွေ ဖြစ်ပါတယ်။ ဒါကြောင့်သူတို့လဲ လိုက်နာသင့်တဲ့စည်းကမ်းလေးတွေကို လိုက်နာသင့် ပါတယ်။လူသားတွေမှာ အင်အားကြီးလာတာနဲ့ တစ်ပြိုင်ထဲ ရင့်ကျက်လာဖို့ လိုပါတယ်။ ဒါမှကိုယ့်လုပ်ရပ်အပေါ်မှာ ကိုယ်တာဝန်ရှိတယ်လို့ သတီပြုမိပြီး ကိုယ့်လုပ်ရပ်ကိုထိန်းသိမ်းနိုင်စွမ်းလဲ မြင့်မားလာမှာပါ။ ကိုယ့်မှာရှိတဲ့ အင်အားကို အသုံးပြုရာမှာလဲဆင်ခြင်တုံတရားရှိဖို့ လိုပါတယ်။ကိုယ့်ကြောင့် သူတပါးကို မထိခိုက်ရအောင် တာဝန်ရှိတယ်ဆိုတာရယ်၊ ကိုယ်မှာအင်အားရှိရင် သူတပါးရဲ့ အကျိုးကိုဆောင်ပေးဖို့ တာဝန်ရှိတယ် ဆိုတာရယ်၊ဒါလေးကိုသိစေချင်တာပါ။တစ်နေ့တစ်နေ့ Facebook ပေါ်မှာ စီးပွားရေးတောင့်တင်းတဲ့သူတွေက လှူကြတန်းကြ၊အများအကျိူးကိုဆောင်ကြ၊ ဒုက္ခရောက်သူတွေကို ကူညီကြတာတွေ တွေ့ရလို့ဝမ်းသာရတယ်။ တချို့တွေဟာ တစ်ခါတစ်လေ စိတ်ကူးပေါက်မှ ထလှူတာ မဟုတ်ပဲနှစ်နဲ့ချီပြီးတော့ကို ပုံမှန်လုပ်နေတဲ့ ဒါနကုသိုလ်တွေကိုပြုနေကြတယ်။ ကိုယ့်အစွမ်းနဲ့အကျိုးပြုနေကြတဲ့ သူတွေကိုမှ လူစွမ်းကောင်းလို့ မပြောရင် ဘယ်သူရှိဦးမလဲ။ကျွန်မရဲ့ ethics အိမ်စာ Spiderman ရုပ်ရှင်ဟာ လူစွမ်းကောင်းတစ်ယောက်အနေနဲ့ရရှိလာတဲ့ ပါဝါကို လူတွေရဲ့ အကျိုးအတွက် အသုံးပြုဖို့ သတိပြုမိစေမယ်ဆိုရင်သင်ရကျိုးနပ်ပါတယ်။
Leave a Reply