ဦးနှောက်ဗလာနှင့် တက္ကနိုလိုဂျီ

တက္ကနိုလိုဂျီအသစ်တွေကို လက်ချိုးရေလို့ရတဲ့ ပါရမီရှင်တွေက တီထွင်ခဲ့ကြပေမဲ့၊ ဒီတက္ကနိုလိုဂျီ တွေကို သုံးစွဲတဲ့ သူတွေကတော့ ပါရမီရှင်မဟုတ်တဲ့ ကမ္ဘာအနှံ့ကလူတွေပဲ ဖြစ်ပါတယ်။

IT နည်းပညာခေတ်ကို ရောက်နေတော့ ဆက်သွယ်ရေးတင်မကဘူး၊ စားလဲ online က၊ ဝယ်လဲ online က၊ ငွေရေးကြေးရေးတွေလဲ online က၊ အလုပ်တွေ အစည်းအဝေးတွေလဲ online က၊ ပညာရေးတွေလဲ online က၊ ဒါတွေ မသုံးတတ်ရင် လူလုပ်လို့မရ။ ဒီခေတ်မှာ မွေးတဲ့ မျိူးဆက်သစ် တွေကတော့ မွေးကတည်းက IT နဲ့ လူဖြစ်လာကြ။

နေရာတိုင်းမှာ IT သုံးရတော့ အလုပ်လုပ်ချင်ရင် IT ကို သုံးတတ်ဖို့လိုတယ်။ အလုပ်ခေါ်စာတွေမှာ “ကွန်ပြူတာ သုံးတတ်ရမည်” ဆိုတဲ့ လိုအပ်ချက်က ထပ်တိုးလာတယ်။အလုပ်လုပ်ဖို့ IT သုံးတတ်ရမယ် ဆိုပေမဲ့ IT တတ်ရုံနဲ့ အလုပ်လုပ်တတ်တယ်လို့ မပြောနိုင်ပါဘူး။

ရာထူးတိုး အင်တာဗျူး တစ်ခုမှာ “လက်ရှိရာထူးမှာ ဘာအလုပ်တွေ လုပ်ရသလဲ” ဆိုတဲ့ မေးခွန်းကို မေးတော့ ဝန်ထမ်းတော်တော်များများက “ကွန်ပြူတာ ရိုက်ရတယ်” လို့ဖြေကြတယ်။ ဟုတ်မှာပေါ့လေ…. အားလုံးက ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီးအလုပ်လုပ်ရတာကိုး။

တကယ်တော့ အင်တာဗျူး ဖြေတဲ့သူတွေက ကွန်ပြူတာ စာစီစာရိုက် အလုပ်ကို လုပ်တဲ့သူတွေ မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းကြီးတစ်ခုကပါ။ သူတို့ “ကွန်ပြူတာ ရိုက်တယ်” လို့ ပြောတဲ့ အလုပ်တွေက အချက်အလက် မှတ်တမ်းတင်တဲ့ အလုပ်မျိုးတွေပါ။ အရောင်းစာရင်းတွေ၊ ဖောက်သည်ရဲ့ အချက်အလက်တွေ၊ ကုန်ပစ္စည်းစာရင်းတွေ၊ ဝန်ထမ်းအကဲဖြတ်ချက်တွေ တစ်ခုခု ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့သူတို့ရဲ့ အသိဉာဏ်မှာ သူတို့လုပ်နေရတဲ့ အလုပ်က ဘာအလုပ်ဖြစ်တယ် ဆိုတာကို နားမလည်ပဲ၊ ကွန်ပြူတာရှေ့ထိုင်ပြိး အလုပ်လုပ်ရတာမို့ “ကွန်ပြူတာ ရိုက်တယ်” လို့ပဲ အလွယ်ပြောပါတယ်။ အဲဒီလူတွေ ရာထူးတိုးသွားရင် ဘာအလုပ်တွေလုပ်ရတယ်လို့ ပြောကြမှာလဲတော့ မသိပါ။

လုပ်ငန်းခွင်ဝင်ဖို့ဆိုရင် IT တတ်ဖို့ပဲ လိုတာမဟုတ်ပါဘူး။ လုပ်ရတဲ့ အလုပ်ကိုလဲ သိဖို့လိုပါတယ်။ လုပ်ရမဲ့ အလုပ်တွေနဲ့ သက်ဆိုင်တဲ့ အခြား ကျွမ်းကျင်မှုများကိုလဲ တတ်သိထားဖို့ လိုပါတယ်။ အလုပ်တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုတွေ၊ စနစ်တွေကိုလဲ သိဖို့ လိုပါတယ်။ အလုပ်ကနေ ရချင်တဲ့ ရလဒ်တွေကိုလဲ နားလည်ထားဖို့ လိုပါတယ်။ ဘာအဓိပ္ပါယ်နဲ့ လုပ်တဲ့ အလုပ်လဲလို့ နားလည်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။

တက္ကနိုလိုဂျီဆိုတာက အသုံးပြုရမဲ့ ကရိယာ tool ပါ။ ဒီကရိယာကို သုံးပြီး ကိုယ်လုပ်ရမဲ့ အလုပ်ကို တွင်ကျယ်အောင် လုပ်ရာမှာ ကိုယ့်အလုပ်ကိုမှ ကိုယ်က နားမလည်ရင် “စက်ရုပ်” လို (industrial revolution 4.0 ရဲ့ artificial intelligence ကို မဆိုလိုပါ) စက်က လုပ်ပေးတဲ့ နောက်ကို အရုပ်လိုပဲ လိုက်လုပ်တတ်ပါမယ်။ တစ်ခုခု လွဲသွားရင် ဆက်မလုပ်တတ်တော့ဘူး။ ပြဿနာတက်လာရင် မဖြေရှင်းတတ်တော့ပါဘူး။

တက္ကနိုလိုဂျီကိုသုံးတယ်ဆိုတာ လက်နဲ့၊ စက်နဲ့ပဲ သုံးရတာမဟုတ်ပါဘူး။ ဦးနှောက်နဲ့ သုံးရမှာပါ။ အဆင့်မြင့်တဲ့ အသုံးပြုမှု ဖြစ်စေချင်ရင် တက္ကနိုလိုဂျီကို ဦးနှောက်နဲ့ သုံးပါ။ တက္ကနိုလိုဂျီကို ဦးနှောက်နဲ့ သုံးနိုင်မှ ပြဿနာတွေကို တက္ကနိုလိုဂျီ သုံးပြီး ဖြေရှင်းနိုင်ပါမယ်။ တက္ကနိုလိုဂျီ တတ်ပေမဲ့ ဦးနှောက်မပါပဲ အလုပ်လုပ်ရင် ဆင့်ပွားပြဿနာတွေ၊ အကြိမ်ကြိမ်မှားလို့ အခါခါ ပြန်လုပ်ရတာတွေ ဖြစ်နိုင်ပါသေးတယ်။ လူရဲ့ ဦးနှောက်အားမပါရင် တက္ကနိုလိုဂျီ ဘယ်လောက်ပဲ ကောင်းကောင်း အလုပ်ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးက ညံ့နိုင်ပါတယ်။

အဆိုးဆုံးကတော့ တက္ကနိုလိုဂျီပဲတတ်ပြီး လုပ်သင့်တဲ့အလုပ်လားမလုပ်သင့်တဲ့ အလုပ်လားတောင် ခွဲခြား မသိတာပဲ။ တက္ကနိုလိုဂျီကို တည်ဆောက်ရာမှာ ကြောင်းကျိုး ဆက်စပ်မှု Logic ကို (ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ စဉ်းစားမှု ဖြစ်စဉ်) ထည့်သွင်းစဉ်းစားပေမဲ့ ကိုယ်ကျင့်တရား တန်ဖိုးဆိုင်ရာ ဆင်ခြင်တုံတရား ethics and rationale ကို ထည့်မစဉ်းစားပါဘူး။ ဒါက အသုံးပြုသူရဲ့ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်မှုက လာတာပါ။ ဖေ့စ်ဘုတ်ပေါ်က မပြောသင့်တဲ့ စကားတွေ၊ မပြသင့်တဲ့ post တွေကို ကြည့်ရုံနဲ့တင် အလွယ်သိနိုင်ပါတယ်။

တက္ကနိုလိုဂျီနဲ့ အလုပ်လုပ်ရတာ တက္ကနိုလိုဂျီနဲ့ လူရဲ့ ဉာဏ်ရည်ပြိုင်ပွဲပါ။ လူရဲ့ ဉာဏ်ရည်မြင့်မားမှ တက္ကနိုလိုဂျီကို ကိုယ်လိုရာသုံးနိုင်တဲ့ ကရိယာ တစ်ခုလို အသုံးချနိုင်မှာပါ။ လူရဲ့ ဆင်ခြင်တုံတရား မြင့်မားမှ တက္ကနိုလိုဂျီကို သုံးပြီး လူသားတို့ရဲ့ ကောင်းကျိုးကို ရွက်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ အဆင့်မြင့်လာတဲ့ တက္ကနိုလိုဂျီနောက်ကို လူကဒရွတ်ဆွဲ လိုက်နေရတာပဲ ဖြစ်ပါမယ်။

မိတ်ဆွေကွန်ပြူတာ လုပ်ငန်းရှင်တစ်ဦးက ပြောတာပါ။ “ကွန်ပြူတာရဲ့ ကီးဘုတ်ပေါ်မှာ IT ဆိုတဲ့ အင်္ဂလိပ် စာလုံးတွေကို မြန်မာဘာသာနဲ့ ရိုက်ကြည့်ရင် “ငအ” လို့ ပေါ်တာ” တဲ့။ ဒီခေတ်မှာ အရေးပါလှတဲ့ IT ကို “ငအ” က သုံးသလို မဖြစ်အောင်တော့…..

မမိုးခိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*