ခေါင်းဆောင်-နောက်လိုက် အားပြိုင်ပွဲ

ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမယ်…

ခေါင်းဆောင်ညံ့ရင် နောက်လိုက်တွေလဲ ညံ့မယ်… ဒီလိုပဲ နားလည် ထားကြပါတယ်။

ဒါပေမဲ့ ခပ်ညံ့ညံ့ နောက်လိုက်တွေနဲ့ပဲ အမြဲအလုပ်လုပ်နေရတဲ့အတွက် ခေါင်းဆောင်တွေ ကိုယ်တိုင်လဲ တဖြေးဖြေး ခပ်ညံ့ညံ့ ဖြစ်သွားနိုင်တာကို သတိပြုမိခဲပါတယ်။

ခေါင်းဆောင်မှုပြုခြင်းဆိုတာ ခေါင်းဆောင်လုပ်ရမဲ့သူက သူ့ရဲ့ လက်အောက် ငယ်သားတွေကို လွှမ်းမိုးနိုင်အောင် ကြိုးစားရတာပါ။ သူ့ရဲ့ လွှမ်းမိုးမှု အောင်မြင်မှ လက်အောက်ငယ်သားတွေက လုပ်စေချင်တဲ့ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ကြမှာပါ။ သူ့ရဲ့ ခေါင်းဆောင်မှုကိုလဲ အောင်မြင်တယ် ပြောနိုင်မှာပေါ့။

ခေါင်းဆောင်ဖြစ်စေချင်တဲ့ ရလဒ်က ခပ်မြင့်မြင့်၊ ရှိတဲ့နောက်လိုက်တွေကလဲ လုပ်ရည်ကိုင်ရည် ခပ်နိမ့်နိမ့်နဲ့ ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ပြောင်းလဲခြင်း အားပြိုင်မှုတစ်ခု စတင်ရပါပြီ။

အညံ့ကြိုက်တဲ့ လောကမှာ အသားကျနေတဲ့ လူတွေက အပြောင်းအလဲ လုပ်ရမှာကို ဝန်လေးတတ်ပါတယ်။ ဒီလောက်ဆို အလုပ်ဖြစ်သားပဲဆိုတဲ့ ခပ်နိမ့်နိမ့်ရလဒ်ကို ကျေနပ် တတ်ကြပါတယ်။ ပိုကောင်းတဲ့ ရလဒ်တွေကို မမျှော်လင့်ထားတဲ့ သူတို့တစ်တွေဟာ ဒိထက်ပိုကောင်းအောင် ပြုပြင်မှုတွေ လုပ်စေချင်ရင်လဲ အားထုတ်ပြီးကြိုစားချင်စိတ် မရှိတတ်ကြပါဘူး။

သူတို့က သူတို့ရဲ့ မပြုပြင်လိုတဲ့ စိတ်နဲ့ အကြီးအကျယ် အတိုက်အခံ လုပ်ဖို့ ကြိုးစားချင်မှတောင် ကြိုးစားမှာပါ။ အများအားဖြင့်တော့ လုပ်နေကျ အတိုင်း ထုံပေပေနဲ့ ဆက်လုပ်နေလိုက်မှာပါပဲ။ မှားနေကျ အမှားတွေကိုလဲ ဆက်ပြီး မှားနေကြမှာပါပဲ။ လုပ်ရမဲ့ အပြောင်းအလဲကို တလွဲတွေလဲ လုပ်ပြပါဦးမယ်။ တမင်လုပ်ယူရတာမဟုတ်၊ တသမတ်ထဲ ညံ့လက်စနဲ့ ဆက်ပြိးညံ့နေလိုက်တာ ပါပဲ။

အညံ့တွေကို လိုက်ပြင်နေရလို့ အလုပ်တွေ ထင်သလောက်မပြိးတဲ့ အခါမှာ ခေါင်းဆောင်က နည်းလမ်းပြောင်းလဲ လိုက်ရတတ်တယ်။ ပိုကောင်းတာတွေကို နောက်လိုက်တွေက မမြင်ပဲ ခေါင်းဆောင်တွေက သူတို့ရဲ့ ရှုထောင့်ကို မြင်တတ်လာအောင်ကြိုးစားရတယ်။ ခေါင်းဆောင်ရဲ့ မျှော်လင့်ချက်ကို နောက်လိုက်တွေက မမြင်နိုင်တော့ နောက်လိုက်တွေ မြင်နိုင်သလောက်နဲ့ အလုပ်လုပ်ဖို့ ခေါင်းဆောင်က ပြင်ရတယ်။ ခေါင်းဆောင်ပြောသလောက်ကို နားမလည်နနိုင်တော့ နောက်လိုက်တွေ နားလည်မဲ့ စကားကို ခေါင်းဆောင်က ပြောင်းပြီး ပြောရတယ်။

ခပ်ညံ့ညံ့တွေနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ပါတော့မယ်လို့ ခေါင်းဆောင်လက်လျှော့ရတဲ့ အချိန်က ခေါင်းဆောင်ကို သူ့ရဲ့ နောက်လိုက်တွေ လွှမ်းမိုးသွားတဲ့ အချိန်ပါပဲ။

နောက်လိုက်တွေကြောင့် ခေါင်းဆောင်တွေညံ့သွားရတဲ့ ဇတ်သိမ်းခန်းကတော့ ဒီလောက်ပါပဲ။

“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” ဆိုသလို အညံ့နားနိးရင်လဲ … သတိတော့ထားကြပါ။

မမိုးခိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*