အလုပ်ရှာရင်းနဲ့ ဘာမှထူးမလာတဲ့အခါ စိတ်ပျက်ဖို့ကောင်းသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကျဆင်းလာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတင်ပြရမလဲဆိုတာ သိသွားရင်တော့ အလုပ်ရဖို့က ထင်သလောက် မခက်ခဲတော့ပါဘူး။တကယ်လို့ သင်ဟာ အရည်အချင်းနဲ့ ပြည့်စုံနေရင်တောင်မှ မသိလိုက်ဘဲ အောက်ပါအမှားလေးတွေကို လုပ်မိနေတာကြောင့် အိပ်မက်ထဲက အလုပ်နဲ့ လွဲချော်နေရတာ ဖြစ်နိုင်ပါတယ်။ Career Coach တစ်ယောက်က ထောက်ပြထားတဲ့ အမှား ၇ ချက်ကို ကြည့်လိုက်ကြရအောင်ပါ။
အစီအစဉ်မရှိဘဲ ဇွတ်တိုးခြင်း
လူတော်တော်များများက အလုပ်ပြုတ်သွားတာနဲ့ ချက်ချင်း အလုပ်အသစ်ရှာဖို့ ဇွတ်တိုးကြပါတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်ကို ပိုမြန်မြန်ရစေတာမျိုး မဟုတ်သလို ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်ကို ရစေတာမျိုးလည်း မဟုတ်ပါဘူး။ အခြေအနေကို စောင့်ကြည့်တာပဲဖြစ်ဖြစ်၊ အလုပ်သစ်ရှာတာပဲဖြစ်ဖြစ် အရင်ဆုံး အချိန်တစ်ခုပေးပြီးအေးအေးဆေး ဆေး စဉ်းစားပါ။ မိမိရဲ့ အားသာချက်တွေ၊ အောင်မြင်ခဲ့တာတွေကို ပြန်သုံးသပ်ပြီး နောက်အလုပ်မှာ ဘာကိုအဓိကထားချင်တာလဲဆိုတာ ရှင်းရှင်း လင်းလင်း သိထားဖို့ လိုပါတယ်။ ဒါမှသာ အင်တာဗျူးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး တည်တည်ငြိမ်ငြိမ် တင်ပြနိုင်မှာပါ။
တွေ့သမျှ အလုပ်တိုင်းကို လျှောက်ခြင်း
အလုပ်တွေ အများကြီးလျှောက်ပေမဲ့ အင်တာဗျူးခေါ်တာ နည်းနေရင် လူက စိတ်ပင်ပန်းလာတတ်ပါတယ်။ အလုပ်တိုင်းကို လျှောက်နေတာက သင့်ကို အားတက်စေတာထက် ပိုပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။ လူနည်းစုပဲ အင်တာဗျူး ရွေးခံရတာဖြစ်သလို၊ အရည်အချင်းမကိုက်ဘဲ လျှောက်ထားတဲ့ လျှောက်လွှာတွေက HR (Recruiters) တွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လျှောက်လွှာတွေ အများကြီး ပို့မယ့်အစား အရည်အသွေးရှိတဲ့ လျှောက်လွှာ အနည်းငယ်ကိုပဲ သေချာပြင်ဆင်ပြီး ပို့ပါ။ ကိုယ်နဲ့ တကယ်ကိုက်ညီလား၊ တကယ်လုပ်ချင်တာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ မေးကြည့်ပါ။
ခေတ်နောက်ကျနေတဲ့ Resume ပုံစံကို သုံးခြင်း
Resume မပြင်ဖြစ်တာ ကြာပြီဆိုရင်တော့ အသစ်ပြန်ပြင်ဖို့ လိုပါပြီ။ အခုခေတ်မှာ Objective တွေ၊ တာဝန်ဝတ္တရားတွေချည်းပဲ ရေးတာမျိုးက ခေတ်မစားတော့ပါဘူး။ အဲဒီအစား ကိုယ်ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့ Headline (ခေါင်းစဉ်)၊ Summary (အနှစ်ချုပ်) နဲ့ အလုပ်နဲ့ ကိုက်ညီတဲ့ အောင်မြင်မှုတွေကို ပေါ်လွင်အောင် ရေးရပါမယ်။ Formatting ကိုလည်း ရိုးရှင်းအောင်ထားပါ၊ ဒါမှသာ ကုမ္ပဏီတွေသုံးတဲ့ စနစ် (ATS) က သင့်အချက်အလက်တွေကို အလွယ်တကူ ဖတ်နိုင်မှာပါ။
Cover Letter မရေးဘဲ ကျော်သွားခြင်း
Cover Letter ရေးရတာကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ ဒါဟာ သင့်ရဲ့ အသံကို အလုပ်ရှင်ဆီ ရောက်အောင် ပို့နိုင်တဲ့ အခွင့်အရေးပါ။ Busy ဖြစ်နေတဲ့ HR တွေဟာ သင် ဘာကြောင့် ဒီအလုပ်ကို လိုချင်တာလဲဆိုတာကို ခန့်မှန်းဖို့ အချိန်မရှိပါဘူး။ ကောင်းမွန်တဲ့ Cover Letter တစ်စောင်ဟာ Resume မှာ မပါနိုင်တဲ့ သင့်ရဲ့ စိတ်အားထက်သန်မှုနဲ့ သင့်အကြောင်း ပုံပြင်တစ်ပုဒ်ကို ပြောပြနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ ရေးသားမှုစွမ်းရည်ကို ပြသနိုင်သလို သင့်ကို လူကိုယ်တိုင် တွေ့ချင်လာအောင် ဆွဲဆောင်နိုင်ပါတယ်။
လူမှုကွန်ရက် (Networking) ကို လျစ်လျူရှုခြင်း
အလုပ်လိုမှ လူရှာတာထက် အလုပ်မလိုခင်ကတည်းက အဆက်အသွယ် (Network) တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။ အလုပ်တွေ ရှုပ်နေလို့ ဒါကို မေ့နေရင်လည်း အခုပဲ ပြန်စတင်ပါ။ ကိုယ့်ကို ကူညီနိုင်မယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ မန်နေဂျာတွေ၊ မိတ်ဆွေတွေကို စာရင်းပြုစုပြီး အဆက်အသွယ် ပြန်လုပ်ပါ။ Networking ဆိုတာ ကိုယ့်ကို အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့ လွတ်လပ်ခွင့် ပေးနိုင်ပါတယ်။
အွန်လိုင်းပေါ်က ပုံရိပ် မတူညီခြင်း
အလုပ်ရှင်တွေဟာ သင့်အကြောင်းကို အွန်လိုင်းမှာ လိုက်ရှာတတ်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့ Social Media အကောင့်တွေကို သေချာစစ်ဆေးပြီး မသင့်တော်တဲ့ ပို့စ်တွေရှိရင် ဖျက်ပါ ဒါမှမဟုတ် Privacy ပြောင်းထားပါ။ နောက်ပြီး အလုပ်လျှောက်တဲ့အခါ Email နာမည်ကို နာမည်ပြောင်တွေ မသုံးဘဲ Professional ဆန်တဲ့ (ဥပမာ နာမည်အရင်းပါတဲ့ Gmail) ကို အသုံးပြုပါ။ အလုပ်ရှင်က သင့်ကို ကုမ္ပဏီအတွက် အန္တရာယ်ရှိနိုင်သူလို့ မမြင်ဘဲ အဖိုးတန်သူ လို့ မြင်အောင် ပြင်ဆင်ထားပါ။
အင်တာဗျူးကို ဘာမှမပြင်ဆင်ဘဲ သွားခြင်း
Resume ကောင်းရုံ၊ ဒါမှမဟုတ် အလုပ်ခန့်မယ့်သူနဲ့ ရင်းနှီးရုံနဲ့ အလုပ်ရဖို့ မသေချာပါဘူး။ အင်တာဗျူးမှာ အောင်မြင်ဖို့ဆိုရင် သေချာပြင်ဆင်မှု ရှိရပါမယ်။ သူငယ် ချင်းတွေနဲ့ အစမ်းလေ့ကျင့်ကြည့်ပါ။ ကုမ္ပဏီအကြောင်း လေ့လာပါ၊ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ယုံကြည်မှုရှိရှိ တင်ပြနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ တန်ဖိုးရှိသူတစ်ယောက်အဖြစ် တင်ပြနိုင်ဖို့က အဓိကပါပဲ။
ဒီအမှားတွေကို ရှောင်နိုင်ရင် အလုပ်ရဖို့ အခွင့်အလမ်း ပိုများလာမှာပါ။ အလုပ်ရှင်တွေဟာ သူတို့ရဲ့ လိုအပ်ချက်ကို နားလည်ပြီး၊ စိတ်အားထက်သန်မှုရှိတဲ့၊ ယုံကြည်စိတ်ချရတဲ့သူကိုပဲ ရှာဖွေနေကြတာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
အလုပ္ရွာရင္းနဲ႔ ဘာမွထူးမလာတဲ့အခါ စိတ္ပ်က္ဖို႔ေကာင္းသလို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလည္း က်ဆင္းလာတတ္ပါတယ္။ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုတင္ျပရမလဲဆိုတာ သိသြားရင္ေတာ့ အလုပ္ရဖို႔က ထင္သေလာက္ မခက္ခဲေတာ့ပါဘူး။တကယ္လို႔ သင္ဟာ အရည္အခ်င္းနဲ႔ ျပည့္စုံေနရင္ေတာင္မွ မသိလိုက္ဘဲ ေအာက္ပါအမွားေလးေတြကို လုပ္မိေနတာေၾကာင့္ အိပ္မက္ထဲက အလုပ္နဲ႔ လြဲေခ်ာ္ေနရတာ ျဖစ္ႏိုင္ပါတယ္။ Career Coach တစ္ေယာက္က ေထာက္ျပထားတဲ့ အမွား ၇ ခ်က္ကို ၾကည့္လိုက္ၾကရေအာင္ပါ။
အစီအစဥ္မရွိဘဲ ဇြတ္တိုးျခင္း
လူေတာ္ေတာ္မ်ားမ်ားက အလုပ္ျပဳတ္သြားတာနဲ႔ ခ်က္ခ်င္း အလုပ္အသစ္ရွာဖို႔ ဇြတ္တိုးၾကပါတယ္။ ဒါေပမဲ့ ဒါဟာ အလုပ္ကို ပိုျမန္ျမန္ရေစတာမ်ိဳး မဟုတ္သလို ကိုယ္နဲ႔ကိုက္ညီတဲ့ အလုပ္ကို ရေစတာမ်ိဳးလည္း မဟုတ္ပါဘူး။ အေျခအေနကို ေစာင့္ၾကည့္တာပဲျဖစ္ျဖစ္၊ အလုပ္သစ္ရွာတာပဲျဖစ္ျဖစ္ အရင္ဆုံး အခ်ိန္တစ္ခုေပးၿပီးေအးေအးေဆး ေဆး စဥ္းစားပါ။ မိမိရဲ႕ အားသာခ်က္ေတြ၊ ေအာင္ျမင္ခဲ့တာေတြကို ျပန္သုံးသပ္ၿပီး ေနာက္အလုပ္မွာ ဘာကိုအဓိကထားခ်င္တာလဲဆိုတာ ရွင္းရွင္း လင္းလင္း သိထားဖို႔ လိုပါတယ္။ ဒါမွသာ အင္တာဗ်ဴးတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ အေကာင္းဆုံး တည္တည္ၿငိမ္ၿငိမ္ တင္ျပႏိုင္မွာပါ။
ေတြ႕သမွ် အလုပ္တိုင္းကို ေလွ်ာက္ျခင္း
အလုပ္ေတြ အမ်ားႀကီးေလွ်ာက္ေပမဲ့ အင္တာဗ်ဴးေခၚတာ နည္းေနရင္ လူက စိတ္ပင္ပန္းလာတတ္ပါတယ္။ အလုပ္တိုင္းကို ေလွ်ာက္ေနတာက သင့္ကို အားတက္ေစတာထက္ ပိုၿပီး စိတ္ပ်က္သြားေစႏိုင္ပါတယ္။ လူနည္းစုပဲ အင္တာဗ်ဴး ေ႐ြးခံရတာျဖစ္သလို၊ အရည္အခ်င္းမကိုက္ဘဲ ေလွ်ာက္ထားတဲ့ ေလွ်ာက္လႊာေတြက HR (Recruiters) ေတြကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ေလွ်ာက္လႊာေတြ အမ်ားႀကီး ပို႔မယ့္အစား အရည္အေသြးရွိတဲ့ ေလွ်ာက္လႊာ အနည္းငယ္ကိုပဲ ေသခ်ာျပင္ဆင္ၿပီး ပို႔ပါ။ ကိုယ္နဲ႔ တကယ္ကိုက္ညီလား၊ တကယ္လုပ္ခ်င္တာလားဆိုတာ ကိုယ့္ကိုယ္ကိုယ္ ႐ိုးသားစြာ ေမးၾကည့္ပါ။
ေခတ္ေနာက္က်ေနတဲ့ Resume ပုံစံကို သုံးျခင္း
Resume မျပင္ျဖစ္တာ ၾကာၿပီဆိုရင္ေတာ့ အသစ္ျပန္ျပင္ဖို႔ လိုပါၿပီ။ အခုေခတ္မွာ Objective ေတြ၊ တာဝန္ဝတၱရားေတြခ်ည္းပဲ ေရးတာမ်ိဳးက ေခတ္မစားေတာ့ပါဘူး။ အဲဒီအစား ကိုယ္ဘာေတြ လုပ္ေဆာင္ေပးႏိုင္မလဲဆိုတဲ့ Headline (ေခါင္းစဥ္)၊ Summary (အႏွစ္ခ်ဳပ္) နဲ႔ အလုပ္နဲ႔ ကိုက္ညီတဲ့ ေအာင္ျမင္မႈေတြကို ေပၚလြင္ေအာင္ ေရးရပါမယ္။ Formatting ကိုလည္း ႐ိုးရွင္းေအာင္ထားပါ၊ ဒါမွသာ ကုမၸဏီေတြသုံးတဲ့ စနစ္ (ATS) က သင့္အခ်က္အလက္ေတြကို အလြယ္တကူ ဖတ္ႏိုင္မွာပါ။
Cover Letter မေရးဘဲ ေက်ာ္သြားျခင္း
Cover Letter ေရးရတာကို ဘယ္သူမွ မႏွစ္သက္ၾကပါဘူး။ ဒါေပမဲ့ ဒါဟာ သင့္ရဲ႕ အသံကို အလုပ္ရွင္ဆီ ေရာက္ေအာင္ ပို႔ႏိုင္တဲ့ အခြင့္အေရးပါ။ Busy ျဖစ္ေနတဲ့ HR ေတြဟာ သင္ ဘာေၾကာင့္ ဒီအလုပ္ကို လိုခ်င္တာလဲဆိုတာကို ခန႔္မွန္းဖို႔ အခ်ိန္မရွိပါဘူး။ ေကာင္းမြန္တဲ့ Cover Letter တစ္ေစာင္ဟာ Resume မွာ မပါႏိုင္တဲ့ သင့္ရဲ႕ စိတ္အားထက္သန္မႈနဲ႔ သင့္အေၾကာင္း ပုံျပင္တစ္ပုဒ္ကို ေျပာျပႏိုင္ပါတယ္။ ဒါဟာ သင့္ရဲ႕ ေရးသားမႈစြမ္းရည္ကို ျပသႏိုင္သလို သင့္ကို လူကိုယ္တိုင္ ေတြ႕ခ်င္လာေအာင္ ဆြဲေဆာင္ႏိုင္ပါတယ္။
လူမႈကြန္ရက္ (Networking) ကို လ်စ္လ်ဴရႈျခင္း
အလုပ္လိုမွ လူရွာတာထက္ အလုပ္မလိုခင္ကတည္းက အဆက္အသြယ္ (Network) တည္ေဆာက္ထားဖို႔ အေရးႀကီးပါတယ္။ အလုပ္ေတြ ရႈပ္ေနလို႔ ဒါကို ေမ့ေနရင္လည္း အခုပဲ ျပန္စတင္ပါ။ ကိုယ့္ကို ကူညီႏိုင္မယ့္ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြ၊ မန္ေနဂ်ာေတြ၊ မိတ္ေဆြေတြကို စာရင္းျပဳစုၿပီး အဆက္အသြယ္ ျပန္လုပ္ပါ။ Networking ဆိုတာ ကိုယ့္ကို အခြင့္အလမ္းသစ္ေတြ ရွာေဖြဖို႔ လြတ္လပ္ခြင့္ ေပးႏိုင္ပါတယ္။
အြန္လိုင္းေပၚက ပုံရိပ္ မတူညီျခင္း
အလုပ္ရွင္ေတြဟာ သင့္အေၾကာင္းကို အြန္လိုင္းမွာ လိုက္ရွာတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ Social Media အေကာင့္ေတြကို ေသခ်ာစစ္ေဆးၿပီး မသင့္ေတာ္တဲ့ ပို႔စ္ေတြရွိရင္ ဖ်က္ပါ ဒါမွမဟုတ္ Privacy ေျပာင္းထားပါ။ ေနာက္ၿပီး အလုပ္ေလွ်ာက္တဲ့အခါ Email နာမည္ကို နာမည္ေျပာင္ေတြ မသုံးဘဲ Professional ဆန္တဲ့ (ဥပမာ နာမည္အရင္းပါတဲ့ Gmail) ကို အသုံးျပဳပါ။ အလုပ္ရွင္က သင့္ကို ကုမၸဏီအတြက္ အႏၲရာယ္ရွိႏိုင္သူလို႔ မျမင္ဘဲ အဖိုးတန္သူ လို႔ ျမင္ေအာင္ ျပင္ဆင္ထားပါ။
အင္တာဗ်ဴးကို ဘာမွမျပင္ဆင္ဘဲ သြားျခင္း
Resume ေကာင္း႐ုံ၊ ဒါမွမဟုတ္ အလုပ္ခန႔္မယ့္သူနဲ႔ ရင္းႏွီး႐ုံနဲ႔ အလုပ္ရဖို႔ မေသခ်ာပါဘူး။ အင္တာဗ်ဴးမွာ ေအာင္ျမင္ဖို႔ဆိုရင္ ေသခ်ာျပင္ဆင္မႈ ရွိရပါမယ္။ သူငယ္ ခ်င္းေတြနဲ႔ အစမ္းေလ့က်င့္ၾကည့္ပါ။ ကုမၸဏီအေၾကာင္း ေလ့လာပါ၊ ကိုယ့္ရဲ႕ ေအာင္ျမင္မႈေတြကို ယုံၾကည္မႈရွိရွိ တင္ျပႏိုင္ေအာင္ ႀကိဳးစားပါ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိရွိနဲ႔ တန္ဖိုးရွိသူတစ္ေယာက္အျဖစ္ တင္ျပႏိုင္ဖို႔က အဓိကပါပဲ။
ဒီအမွားေတြကို ေရွာင္ႏိုင္ရင္ အလုပ္ရဖို႔ အခြင့္အလမ္း ပိုမ်ားလာမွာပါ။ အလုပ္ရွင္ေတြဟာ သူတို႔ရဲ႕ လိုအပ္ခ်က္ကို နားလည္ၿပီး၊ စိတ္အားထက္သန္မႈရွိတဲ့၊ ယုံၾကည္စိတ္ခ်ရတဲ့သူကိုပဲ ရွာေဖြေနၾကတာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply