အနိုင်ကျင့်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်းဝန်ခံလာတဲ့ The Glory ဒါရိုက်တာ

မိဘ ပျိုးထောင်မှုပေါ် မူတည်ပြီး ကလေးများရဲ့ အကျင့်စရိုက် ကွာခြားပါတယ်။ ငယ်ရွယ်စဉ်မှာ ခါးသီးသော အတွေ့အကြုံများကြောင့် trauma ရရှိနိုင်ပြီး မေ့မရသော အတိတ်ဆိုးက ခြောက်လှန့်နေမှာ ဖြစ်ပါတယ်။ ကျောင်းသားအရွယ်မှာ အနိုင်ကျင့်မှုကို ခံစားခဲ့ရသော ကလေးများ လက်တွေ့လောကမှာ ရှိနေပါတယ်။ ဒါကြောင့် ကျောင်းတွင်းအနိုင်ကျင့်မှု ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားသော The Glory ဇာတ်လမ်းတွဲကို ပရိသတ်များ နှစ်ခြိုက်စွာ အားပေးကြပြီး season 2 ပြသချိန်ထိ ဇာတ်သိမ်းပိုင်းကို စိတ်ဝင်တစား သိချင်ကြတာ ဖြစ်ပါတယ်။

The Glory ဇာတ်လမ်းတွဲ ဒါရိုက်တာ Ahn Gil Ho ကတော့ အနိုင်ကျင့်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့မိကြောင်း တရားဝင် ဝန်ခံထားပြီး မတ်လ ၁၂ ရက်နေ့မှာ တောင်းပန်စာ ရေးသားဖော်ပြခဲ့ပါတယ်။ ပြည်သူများရဲ့ ဝေဖန်ချက်အတွက် ဝန်ချတောင်းပန်ခြင်းကို ကိုယ်တိုင်ဆောင်ရွက်လိုကြောင်း တောင်းပန်စာမှာ တစ်ပါတည်း ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာကြီးရဲ့ တရားရေးအကြံပေး ဖော်ပြချက်အရ နိုင်ငံခြားမှာ ကျောင်းသွားတက်စဉ် ဒါရိုက်တာကြီးမှာ ချစ်သူကောင်မလေး ရှိခဲ့ပါတယ်။ သူ့ကြောင့် ချစ်သူကောင်မလေးက လှောင်ပြောင်သရော်မှုမှာ အဓိက ပစ်မှတ် ဖြစ်ခဲ့ပြီး ပြင်ဆင်ရန်မဖြစ်နိုင်တော့သော နာကျင်ဖွယ် အပြုအမူကို ကျူးလွန်ခဲ့မိကြောင်း ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် နစ်နာခဲ့သူတစ်ဦးချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ကြောင်း ဒါရိုက်တာကြီးမှ ပြောထားပြီး အခွင့်အရေးပေးလာရင် လူချင်းတွေ့ကာ တောင်းပန်ချင်ကြောင်း သတင်းမီဒီယာဌာနကို ပြောကြားထားပါတယ်။

ဒီသတင်းကို မြင်ပြီးချိန်မှာတော့ တောင်ကိုရီးယားပရိသတ်များက ဖြစ်စဉ်အပေါ် အံ့အားသင့်မှု အဖုံဖုံကို ဖော်ပြခဲ့ပြီး ဒါရိုက်တာကြီးအပေါ် ပြစ်တင်ဝေဖန်မှုများ ပြင်းထန်ခဲ့ပါတယ်။ ကျင့်ဝတ်သိက္ခာမညီစွာ ကျူးလွန်ခဲ့ပေမဲ့ မမှတ်မိသလို ဘဝကို ဘယ်လိုဘယ်ပုံ ဖြတ်သန်းနေကြောင်း ပရိသတ်များက မေးခွန်းထုတ်ခဲ့သလို ရုပ်ရှင်ထဲမှာထက် အပြင်လောကက ကြောက်ဖို့ကောင်းကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါရိုက်တာကြီးရဲ့ ဖြစ်စဉ်ကြောင့် The Glory ဇာတ်လမ်းတွဲအပေါ် ဝေဖန်မှုများ သက်ရောက်ခဲ့သလို အပြင်လောကမှာ လက်တုံ့ပြန်မှု အစစ်အမှန် မရှိနိုင်ကြောင်း ဝေမျှခဲ့ကြတာ ဖြစ်ပါတယ်။