
အလုပ်ခွင်မှာ မမျှတသော ဆက်ဆံခြင်းကို ကြုံတွေ့ဖူးပါသလား။ အထက်လူကြီးနဲ့ နီးစပ်သူကို အလေးပေးပြီး အခွင့်ထူးပေးခြင်းက ရှောင်လွှဲမရနိုင်သော ဘက်လိုက်မှု ဖြစ်နေပါတယ်။ အလုပ်ခွင်မှာ မျက်နှာသာလိုက်ခြင်းကို သင်ကိုယ်တိုင်ကြုံတွေ့ရပြီဆိုရင် တိုက်ဖျက်နိုင်သော နည်းလမ်းများကို တင်ဆက်ပေးလိုက်ပါတယ်။
မျက်နှာသာလိုက်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရန် မူဝါဒချမှတ်ခြင်းထက် ကာကွယ်ခြင်းက အဓိကသော့ချက် ဖြစ်ပါတယ်။ ကျင့်ဝတ်သိက္ခာကျဆင်းစေခြင်း၊ လုပ်ငန်းပြီးမြောက်မှု လျော့ကျစေခြင်း၊ ဥပဒေကြောင်းအရ ရင်ဆိုင်ခြင်းထိ ဖြစ်စေနိုင်သော ဘက်လိုက်မှုကို ကာကွယ်ဖို့ရာ အောက်ပါနည်းလမ်းများ တင်ဆက်ပေးလိုက်ပါတယ်။
ပွင့်လင်းသော ဆက်ဆံရေးထားရှိပါ
မျှတသော ပတ်ဝန်းကျင်ဖန်တီးဖို့ရာ သဘောထား၊ အတွေးအမြင်များ လွတ်လပ်စွာဖော်ထုတ်ခွင့် ရရှိရန် လိုအပ်ပါတယ်။ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ကြောင်း ခံစားမိချိန်မှာ အရေးပေးမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလားအလာများစေပါတယ်။
အလုပ်ခွင် စိတ်ကျေနပ်မှု စစ်တမ်းကောက်ယူပါ
ဝန်ထမ်းများရဲ့ အတွေ့အကြုံကို အမှန်အကန် သိရှိနိုင်ရန်အတွက် အလုပ်ခွင်စိတ်ကျေနပ်မှုစစ်တမ်း ကောက်ယူရမှာ ဖြစ်ပါတယ်။ စစ်တမ်းမှာ အမည်ဖော်စရာမလိုတာကြောင့် ပွင့်လင်းမြင်သာစွာ ဖော်ပြရေးသားနိုင်ကြောင်း ဝန်ထမ်းများ သိရှိစေရပါမယ်။ ပေါင်းသင်းဆက်ဆံရေး၊ အသင်းအဖွဲ့ကြား အချိတ်အဆက်မိရေးနဲ့ အလုပ်မျှဝေမှုနယ်ပယ်များအပေါ် မေးခွန်းများကို အခြေခံသင့်ပါတယ်။
ဝန်ထမ်းသစ်စုဆောင်းမှုဖြစ်စဉ်မှာ ပွင့်လင်းမြင်သာပါ
ဝန်ထမ်းသစ် စုဆောင်းစဉ်မှာ ဘက်လိုက်မှုအကြောင်းကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး ရိုးသားမှုရှိရမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုမှာ ကုမ္ပဏီမူဝါဒမှတ်တမ်းများအကြောင်း သုံးသပ်ပြီး ဘက်လိုက်မှုရဲ့ နောက်ဆက်တွဲအလားအလာအကျိုးဆက်များကို ပွင့်လင်းစွာ ဆွေးနွေးခြင်းအားဖြင့် အလုပ်ခွင်မှာ ဘက်လိုက်မှု အမြစ်တွယ်ခြင်းကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
အခြားသူများအတွက် ဖွင့်ဟပြောဆိုပါ
အထက်လူကြီးများမှ ဝန်ထမ်းများအပေါ် ဆက်ဆံရာမှာ မျှတမှုမရှိကြောင်းကို ပွင့်လင်းမြင်သာစွာ ပြောဆိုဖို့ လိုအပ်ပါတယ်။ ဘက်လိုက်မှုရှိလာပါက အဖွဲ့ထဲမှ အခြားသူများအတွက်ပါ ပြောဆိုပေးရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးထက် အခြားသူတစ်ဦးကို အခွင့်အရေးပိုမိုပေးချိန်မှာ ထိုဝန်ထမ်းဘက်မှ ရပ်တည်ပြီး ပြောဆိုပေးခြင်းအားဖြင့် ဝန်ထမ်းအသံ ဝန်ထမ်းဟန်ကို အားလုံးကြားအောင် စွမ်းဆောင်နိုင်မှာပါ။
ပရော်ဖက်ရှင်နယ်ဆန်ပါ
မျက်နှာသာပေးမှုက ဘယ်လိုအကြောင်းရင်းကြောင့်ဖြစ်ပါစေ ရင်ဆိုင်ရချိန်မှာ ပရော်ဖက်ရှင်နယ်ဆန်ဖို့ အရေးကြီးပါတယ်။ ဘက်လိုက်မှုကို စွဲချက်တင်ပြီး နာမည်တပ်ကာ သွားပုတ်လေလွင့်ပြောဆိုပါက အခြေအနေ ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။ တည်ငြိမ်ပြီး ယုတ္တိဆန်သော ပြောဆိုဆွေးနွေးခြင်းကို အလုပ်ရှင် ဒါမှမဟုတ် HR နဲ့ ဆက်သွယ်ပြောဆိုနိုင်ပြီး မမျှတမှုကို လက်မခံကြောင်း တင်ပြဆွေးနွေးရပါမယ်။
တရားဥပဒေအရဆောင်ရွက်ပါ
ဘက်လိုက်မှုကို ဆောင်ရွက်နေကြောင်း တင်ပြပေမဲ့ အခြေအနေထူးခြားလာခြင်း မရှိဘဲ ပိုမိုဆိုးရွားလာပါက တရားဥပဒေဆောင်ရွက်ချက် လုပ်ဆောင်သင့်ပါတယ်။ အလုပ်ခွင် ခွဲခြားဆက်ဆံခြင်းကို တားမြစ်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနဆီ တိုင်တန်းသင့်သလို အတွေ့အကြုံရှိ ဥပဒေသမားများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်။